မြိုင် – ဩဂုတ်(၂၄)

မကွေးတိုင်း မြိုင်မြို့နယ်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ရဲ့ နှစ်ရက်တာ တိုက်ပွဲမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်(၆) ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၈) ဦးသေဆုံးခဲ့တယ် လို့ Myaing’s Heroes Generations PDF ကသတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ(၂၃) ရက်နေ့မှာ သဒွတ်ကျေးရွာနဲ့ ပေါက်ခေါင်းကျေးရွာကြားမှာ မနက်(၈) နာရီကနေ နေ့လည်(၁) နာရီလောက်ထိတိုက်ပွဲဖြစ်ခဲ့ပြီး အဲ့ဒီတိုက်ပွဲမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင် (၆) ဦးကျဆုံးခဲ့သလို (၆) ဦးဒဏ်ရာရရှိခဲ့တာပါ။

စစ်ကောင်စီက ပြည်သူတွေရဲ့ ကျေးရွာတွေကို မီးရှို့ခဲ့တဲ့အတွက် Maying’s Heroes Generations PDF(MHG PDF)နဲ့အတူ တပ်ခွဲ(၁) 101 ၊တပ်ခွဲ(၂) God of Maying ၊ အခြားမဟာမိတ်​တွေဖြစ်တဲ့ပုလဲတပ်ရင်း(၁)၊ ပုလဲတပ်ရင်း(၂)၊ ပေါက်-မြိုင်တပ်ပေါင်းစု နဲ့ 7 Stars တို့က တိုက်ခိုက်ခဲ့ပြီး အဲ့ဒီတိုက်ပွဲမှာ စစ်သား(၁၈) ဦးလောက်သေဆုံးခဲ့တာဖြစ်ပါတယ်။

သဒွတ်အရှေ့ရွာနဲ့ ပေါက်ခေါင်းရွာတွေကို စစ်ကောင်စီက (၂) ရက်ဆက်တိုက်မီးရှို့ခဲ့ ပြီး ရွာလုံးကျွတ်နီးပါး မီးလောင်ထားတဲ့အတွက် စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာ နဲ့အခြေခံဆေးဝါးတွေလိုအပ်နေတယ်လို့ သိရပါတယ်။

စစ်တပ်မီးရှို့လို့ ရွာလုံးကျွတ်ပြာကျသွားခဲ့တဲ့ သဒွတ်ကျေးရွာအုပ်စုမှာ ၂၀၁၄ သန်းခေါင်စာရင်း အရ လူဦးရေ(၄၀၀၀) ကျော်နေထိုင်တဲ့ ကျေးရွာအုပ်စုဖြစ်ပြီး လက်ရှိအချိန်မှာတော့ ပြည်သူတွေ ဟာ အိုးအိမ်မဲ့ ဘဝနဲ့ ပြေးလွှားနေကြပါတယ်။

လက်ရှိအချိန်မှာတော့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဟာ လက်နက်နဲ့ ကျည်လိုအပ်ချက်တွေ ကြောင့် တိုက်ပွဲကို ခေတ္တနားထားရပြီး ပြည်သူတွေအနေနဲ့ လက်နက်ခဲယမ်းအတွက် ဝိုင်းဝန်း ကူညီပေးကြဖို့ Myaing’s Heroes Generations PDF က တောင်းဆိုထားပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ပခုက္ကူခရိုင်အတွင်းက မြိုင်၊ရေစကြိုပေါက်နဲ့ ပခုက္ကူမြို့နယ်တွေ ကို ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေသလို ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့တာ၊ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ လမ်းပြ(ပေါ်တာ) ခေါ်တာ အိမ်မွေးတိရိစ္ဆာန်တွေကို သတ်ဖြတ်စားသောက်တာနဲ့ ပြည်သူတွေရဲ့ ပစ္စည်းတွေကို ခိုးယူတာ တွေ လုပ်ဆောင်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.