မန္တလေး – ဩဂုတ်(၂၄)

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် မှာ ဇနီးမှောင်နှံနှစ်ဦးကို မှားယွင်းပစ်ခတ်မိခဲ့တဲ့အတွက် နစ်နာသူမိသားစုဝင်တွေကို တောင်းပန်ပြီး အပြစ်ကိုခံယူသွားမယ်လို့ Tiger Force Mandalay က ထုတ်ပြန်ထားပါတယ်။

အရပ်သားပြည်သူတွေကို မှားယွင်းပစ်ခတ်မိတာဟာ Tiger Force Mandalay အဖွဲ့နဲ့သာသက် ဆိုင်ပြီး အဲ့ဒီအတွက် တာဝန်ယူမှုတာဝန်ခံမှုနဲ့အတူ နစ်နာခဲ့တဲ့ မိသားစုဝင်တွေနဲ့ ပြည်သူတွေကို တောင်းပန်ထားသလို တချိန်ချိန်မှာ အပြစ်ဒဏ်ခံယူသွားမယ်လို့ ဆိုထားတာပါ။

သေဆုံးသူတွေဟာ ဟိုတယ်မန်နေဂျာဖြစ်သူ မနှင်းဝေဝေလှိုင်နဲ့ သူ့ရဲ့ခင်ပွန်းဖြစ်သူ ကိုစည်သူကိုကို တို့ဖြစ်ပြီး သူတို့ရဲ့ သမီးကို ကျောင်းသွားပို့ချိန် ပစ်ခတ်ခံရပြီး သေဆုံးသွား ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မန္တလေး မြို့က CID ရဲမှူးစိုးကို ကိုပစ်ခတ်ရှင်းလင်းဖို့ လုပ်ဆောင်နေချိန်မှာ မြေပြင် သတင်းပေး သူရဲ့အချက်အလက်တွေဖြစ်တဲ့ ဆိုင်ကယ်နံပါတ်၊လူပုံစံ၊အိမ်အဝင်အထွက် အချက် အလက် တွေတူညီနေတဲ့အတွက် မှားယွင်းပစ်ခတ်မိတာဖြစ်တယ်လို့ ထုတ်ပြန်ချက် မှာဖော်ပြထားပါ တယ်။

Tiger Force Mandalay က ရှင်းလင်းဖို့ကြိုးစားနေတဲ့ CID ရဲမှူးဟာ ဖြစ်စဉ်အနီးအနားမှာရပ် ကြည့်နေပြီး လက်ရှိအချိန်မှာတော့ မိသားစုနဲ့အဆက်အသွယ်ပြတ်နေတယ်လို့ သိရပြီး ဒီအကြောင်းအရာတွေနဲ့ ပတ်သက်တာတွေကို စီစစ်နေတယ်လို့ ဆိုထားပါတယ်။

သေဆုံးခဲ့တဲ့ ဇနီးမောင်နှံဟာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ရေး သပိတ်တွေမှာ ပါဝင်ခဲ့ ကြသူတွေဖြစ်ပြီး အမျိုးသားဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းတာ ခံရဖူးတဲ့သူ ဖြစ်တယ် လို့ မြေပြင်သတင်းတွေအရ သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေနဲ့ သတင်းပေး ဒလန် ဆိုသူတွေကို ရှင်းလင်းချိန် မှာ မှားယွင်းပစ်ခတ်ရှင်းလင်းမှုတွေကို အမျိုးသားညီညွတ်ရေးအစိုးရက ဖော်ထုတ်အရေးယူ သွားမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနအတွင်းဝန် ဦးနိုင်ထူးအောင်က သံလွင်တိုင်းမ် ကို ပြောထား ပါတယ်။

သေဆုံးသူ ဇနီးမောင်နှံကို ခရစ်ယာန်ဘာသာဝင်တို့ထုံးစံအတိုင်း နာရေးပြုလုပ်ထားပြီး သေဆုံးသူဇနီးမောင်နှံမှာ အသက်(၉) နှစ်အရွယ် ကလေးငယ်တစ်ဦး ကျန်ရစ်ခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.