မော်လမြိုင်၊ဩဂုတ် ၂၄
အာဏာသိမ်းစစ်ကောင်စီက စက်သုံးဆီတွေ လိုသလောက် ဝယ်ယူရနိုင်တယ်လို့ ပြောဆိုထားပေမယ့် အကန့်အသတ်နဲ့သာရရှိပြီး ဈေးတွေလည်း မြင့်တက်လာနေတယ်လို့ မွန်ပြည်နယ်ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ခွဲတန်းနဲ့ ရတာဆိုတော့ ကုန်တာမြန်တယ်လေ၊ ကုန်ရင်တော့ ဆိုင်ပိတ်ရတာပေါ့၊ ဆီဆိုင်ကြီးတွေကလဲ လိုသလောက်သွင်းမရတော့ ကျွန်တော်တို့ ဆီဆိုင်သေးတွေကို ခွဲတန်းနဲ့ ချထားပေးရတာ” လို့ မွန်ပြည်နယ် ရေးမြို့နယ်က စက်သုံးဆီ တစ်နိုင်တစ်ပိုင်ရောင်းချနေသူက ပြောပါတယ်။
ဩဂုတ်လ ၂၄ ရက်မှာ ဒီဇယ်ဆီ ၁ လီတာကို ကျပ် ၃,၀၀၀ ကျော် ဖြစ်နေပြီး တစ်ရက်အတွင်း ၁၅၀ ကျပ် မြင့်တက်သွားခဲ့ပါတယ်။ ဒါ့အပြင် ဓာတ်ဆီဈေးမှာလည်း ၁ လီတာကို ၂,၅၀၀ ဝန်းကျင်ဖြစ်နေပြီး ၁ ရက်ကို ကျပ် ၃၀ ကနေ ကျပ် ၅၀ အထိ မြင့်တက်လာနေပါတယ်။
အာဏာသိမ်းစစ်ကောင်စီကတော့ စက်သုံးဆီကို ရုရှားနိုင်ငံက တင်သွင်းမယ်လို့ ဇွန်လ ၂၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ဒါပေမယ့် ဘယ်လိုတင်သွင်းမယ်ဆိုတာကိုတော့ အသေးစိတ် ထုတ်ပြန်ခြင်းမရှိသေးဘဲ စက်သုံးဆီကတော့ အကန့်အသတ်နဲ့သာ ရရှိနေဆဲဖြစ်နေတာပါ။
ဒါ့အပြင် မော်လမြိုင်မြို့အတွက် ဩဂုတ်လ ၂၄ ရက် စက်သုံးဆီ လက်လီဈေး 92 ၁ လီတာကို ၂၄၈၅ ကျပ်၊ 95 ၁ လီတာကို ၂၅၇၄ ကျပ် သတ်မှတ်ထားတယ်လို့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ သတင်းစာတွေက ဆိုပါတယ်။ ဒါပေမယ့် လက်တွေ့အခြေအနေမှာတော့ သတ်မှတ်ဈေးထက် မြင့်တက်နေတာကို တွေ့ရှိရပါတယ်။
ဩဂုတ်လ ပထမပတ်အတွင်း 92၊ ၁ လီတာကို ပျမ်းမျှ ၂၀၀၀ ရှိခဲ့ရာ စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ငွေလဲလှယ်နှုန်း အမေရိကန် ၁ ဒေါ်လာကို ၂,၁၀၀ ကျပ် သတ်မှတ်ပြီးတဲ့နောက် စက်သုံးဆီဈေးတွေ မြင့်တက်လာခဲ့တာပါ။
စက်သုံးဆီဝယ်မရတဲ့ အခြေအနေတွေကို နယ်မြို့များတွင်သာမကဘဲ ရန်ကုန်၊ မန္တလေး စတဲ့ မြို့ကြီးတွေမှာပါ ကြုံတွေ့ခဲ့ကြရပြီး အရောင်းဆိုင်တွေမှာ အစုလိုက်အပြုံလိုက် စောင့်ဆိုင်းပြီး ဝယ်ယူခဲ့ကြရသလို ဆိုင်အချို့လည်း ပိတ်ပစ်ခဲ့ကြရပါတယ်။
ဒီလိုစက်သုံးဆီဈေးတွေ အကန့်အသတ်နဲ့သာ ဝယ်ယူနိုင်ခြင်း၊ ဈေးတွေနေ့စဉ်တက်နေခြင်းကြောင့် အခြားသော စားသုံးဆီကဲ့သို့ အခြေခံစားသောက်ကုန်တွေလည်း ဈေးတက်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
တခြားကုန်ဈေးနှုန်းတွေပါ လိုက်တက်နေတော့ ဒုက္ခရောက်တဲ့ အခြေအနေပါ၊ ဆီဝယ်တာ တော်တော်လေး ပြဿနာရှိသွားတယ် ဗူးခွံနဲ့ရောင်းတဲ့ဆိုင်တွေဆို ၁ လီတာ ကို ၇,၀၀၀၊ ၈,၀၀၀ နဲ့ ဝယ်ခဲ့ရတယ်” လို့ အိမ်ရှင်မ တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီ သတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စက်သုံးဆီတွေ လိုသလောက် ဝယ်၍ရနိုင်ကြောင်း သတင်းစာရှင်းလင်းပွဲတွေမှာ မကြာခဏ ဝါဒဖြန့်လျက်ရှိပါတယ်။
စက်သုံးဆီများ ဝယ်ယူရာတွင် ကျေနပ်မှုမရှိပါက စစ်ကောင်စီလက်အောက်ခံ စက်သုံးဆီ တင်သွင်း၊သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီထံ တိုင်ကြားနိုင်တယ်လို့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ သတင်းစာများက ဖော်ပြပါတယ်။
ဒါပေမယ့် ဒီကော်မတီဟာလည်း လက်တွေ့မှာ အလုပ်မဖြစ်ဘဲ စက်သုံးဆီဈေးတွေကတော့ တက်လျက်ရှိပြီး အကန့်အသတ်နဲ့ပဲ ဝယ်ယူရရှိနေတာပါ။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ