ကျိုက်ထို ၊ သြဂုတ် (၂၄)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ သြဂုတ်လ ၂၄ ရက်နေ့ တစ်ရက်တည်း စစ်ကောင်စီယာဉ်တန်း နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သြဂုတ် ၂၄ ရက်နေ့ မနက် ၇ နာရီလောက်က စစ်တောင်းဘက်ကနေ ကျိုက်ထိုဘက်ကို မောင်းနှင်လာတဲ့ ကား ၃ စီးပါ စစ်ကောင်စီယာဉ်တန်းကို မုပ္ပလင်ကျေးရွာအနီးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ကျိုက်ထိုတော်လှန်ရေးအင်အား KRF ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။

ဒါ့အပြင် သြဂုတ် ၂၄ ရက်နေ့ မနက် ၈ နာရီလောက်မှာလည်း ကျိုက်ထိုဘက်က စစ်တောင်းဘက်ကို မောင်းနှင်လာတဲ့ ကား ၁၁ စီးပါ စစ်ကောင်စီယာဉ်တန်းကို မုပ္ပလင်ကျေးရွာအနီးမှာပဲ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်မှုမှာ ကား ၂ စီး ထိမှန်ခဲ့ပြီး လေကာမှန်နဲ့ ကားဘော်ဒီ ထိခိုက်ပျက်စီးတာတွေ ရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ထိခိုက်သေဆုံးမှုကို ဆက်လက် စုံစမ်းနေတယ်လို့ သထုံခရိုင် PDF တာဝန်ခံက ပြောပါတယ်။

ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်၊ အင်္ဂဘိုနဲ့လက်ပံပင်ကျေးရွာက ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ စစ်ကောင်စီယာဉ်တန်းတွေ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရတာနဲ့ ပစ်ခတ်ခံရတာတွေ ရှိနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာအနီးမှာ စခန်းချဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို KNLA ပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.