သထုံ ၊ သြဂုတ် (၂၃)

မွန်ပြည်နယ် ပေါင်မြို့နယ်မှာ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ CDM ဝန်ထမ်း ဒုဦးစီးမှူး အမျိုးသမီးကို ၂ ရက်ကြာသည်အထိ မိသားစုက အဆက်အသွယ် မရသေးဘူးလို့ သိရပါတယ်။

သထုံမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခိုင်မေသူကို ပေါင်မြို့မ ရဲစခန်းအနီးရှိ သူ့နေအိမ်မှာ ဩဂုတ်လ ၁၉ ရက်ညပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေက အိမ်စီးကားနဲ့လာရောက် ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီးနောက် အဆက်အသွယ်မရဘဲ ဖြစ်နေတာပါ။

“အခုချိန်ထိ မိသားစုနဲ့တွေ့ခွင့်၊ စကားပြောခွင့်မရသေးဘူး၊ အခုချိန်ထိတော့ သူနဲ့ဆက်သွယ် တွေ့ဆုံခွင့်မရသေးဘူး”လို့ မိသားစုနှင့် နီးစပ်သူ တစ်ဦးက ပြောပါတယ်။ လက်ရှိမှာ ဒေါ်ခိုင်မေသူကို သထုံမြိုနယ် ဈေးမသွယ်အကျဉ်းထောင်မှာ ထိန်းသိမ်းထားပြီး စစ်ကောင်စီတပ်သားများက စစ်ဆေးမေးမြန်းနေတယ်လို့လည်း မိသားစုနဲ့နီးစပ်သူက ပြောပါတယ်။

NUG ၊ PDF ဆက်စပ်အဖွဲ့အစည်းတွေနဲ့ ဆက်နွယ်ပတ်သက်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေါ်ခိုင်မေသူကို ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒါ့အပြင် CDM ဒုတိယဦးစီးမှူး ဒေါ်ခိုင်မေသူရဲ့ဖခင်ဟာ (အငြိမ်းစား)ဇင်းကျိုက်နယ်မြေစခန်းမှူး တစ်ဦးဖြစ်ပြီး သူမ အဖမ်းမခံရခင်အချိန်ထိတော့ ပေါင်မြို့ နေအိမ်မှာ မိသားစုနဲ့အတူ နေထိုင်ခဲ့တယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ် စစ်ကောင်စီအာဏာသိမ်းပြီးနောက် နိုင်ငံရေးသမားများ၊ လွှတ်တော်အမတ်များ၊ တက်ကြွလှုပ်ရှားသူများ၊ အနုပညာသမားများ ၊ ထင်ပေါ်ကျော်ကြားသူများနဲ့ အကြမ်းမဖက် အာဏာဖီဆန်လှုပ်ရှားမှု CDM မှာ ပါဝင်သူ ထောင်ပေါင်းများစွာကို ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။

စစ်ကောင်စီ ဝါဒဖြန့် သတင်းစာတွေမှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG, ပြည်သူ့လွှတ်တော်ကိုစားပြု ကော်မတီ CRPH နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ကို ဆက်သွယ် ထောက်ပံ့သူတွေကို အရေးယူမယ်လို့ ဆက်တိုက်ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ ဖမ်းဆီးခံထားရသူပေါင်း ၁၅,၁၆၁ ဦးရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဩဂုတ်လ ၁၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီအထဲမှာ CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ဌာနအသီးသီးမှ ဝန်ထမ်းပေါင်း ၃၁၄ ယောက် ပါဝင်တယ်လို့လည်း AAPP ရဲ့စာရင်းမှာ တွေ့ရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.