ရေဖြူ ၊ သြဂုတ် (၂၁)

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကလုံးထာကျေးရွာမှာ စစ်ကောင်စီတပ်က လူငယ်တစ်ဦးကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်လိုက်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၆ ရက်နေ့က ကလုံးထာကျေးရွာ စာသင်ကျောင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ သူတို့တပ်စွဲထားတဲ့ နေရာကို ဆိုင်ကယ်နဲ့ ဖြတ်သန်းမောင်းနှင်းသွားတဲ့ အသက် ၁၉ နှစ်အရွယ် ဒေသခံ ကိုသန့်ဇင်ထွေးကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တာပါ။

ဒေသခံ ကိုသန့်ဇင်ထွေးကို ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ သြဂုတ် ၁၄ ရက်နေ့ကမှ ကလုံးထာကျေးရွာစာသင်ကျောင်းမှာ လာရောက် တပ်စွဲထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်လိုက်တဲ့ ကိုသန့်ဇင်ထွေးရဲ့ ဆိုင်ကယ်နဲ့ ရုပ်အလောင်းကိုတော့ ဒီကနေ့အချိန်ထိ ဘယ်သူမှ သွားရောက် မကောက်ယူရဲသေးဘူးလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ကလုံးထာကျေးရွာစာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ကျေးရွာအနီးဝန်းကျင်က ဥယျာဉ်ခြံတွေနဲ့တောတောင်တွေထဲကို နေ့စဉ်နီးပါး လက်နက်ကြီး ပစ်ခတ်တာတွေ လုပ်ဆောင်နေတာပါ။

စစ်ကောင်စီက ကျေးရွာအတွင်း တပ်စွဲပြီး လက်နက်ကြီး ပစ်ခတ်တာ၊သေနတ် ပစ်ဖောက်နေတဲ့အတွက် ဒေသခံအများစု ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေတာပါ။

ရေဖြူမြို့နယ်မှာ ပြီးခဲ့တဲ့ သြဂုတ် ပထမအပတ်ကစပြီး စစ်ကောင်စီတပ်က တပ်အင်အားအလုံးအရင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို တောနင်းရှာဖွေတာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.