မော်လမြိုင် ၊ သြဂုတ် (၂၁)

မွန်ပြည်နယ်မှာ ဆေးဝါးတင်သွင်းမှု အခက်အခဲကြောင့် ဆေးဝါးပြတ်လပ်မှုတွေ ဖြစ်ပေါ်လာပြီးနောက် အခြေခံဆေးဝါး ဈေးနှုန်း ၅၀ ရာခိုင်နှုန်းကျော် ထပ်မံ မြင့်တက်လာတယ်လို့ ဆေးဆိုင်လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဆေးဈေးနှုန်းဟာ မြန်မာငွေတန်းဖို ကျဆင်းပြီး ဒေါ်လာဈေးနှုန်း ဆက်လက်မြင့်တက်လာတာ၊ စစ်ကောင်စီရဲ့ သွင်းကုန်လိုင်စင် ကန့်သတ်ချက်တွေ အပါအဝင် ဆေးဝါး အလွယ်တကူ တင်သွင်းခွင့် မရတာတဲ့အတွက် ဈေးနှုန်း ဆက်လက် မြင့်တက်လာတာ ဖြစ်ပါတယ်။

အခုလို အခက်အခဲတွေကြောင့် ပြည်တွင်း ဈေးကွက်မှာ အမျိုးအစားအပေါ်မူတည်ပြီး ဆေးတမယ်ကို ၅၀ ရာခိုင်နှုန်းကျော် ထပ်မံ မြင့်တက်လာခဲ့တာပါ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဆေးဆိုင်လုပ်ငန်းရှင် တစ်ဦးက အခုလိုပဲ ပြောပါတယ်။

“အကုန်လုံးက တဝက်လောက် တက်သွားတာပေါ့၊ အရင်က (၁၀၀)ဆို အခု (၂၀၀)လောက် ဖြစ်သွားတယ် အကုန်လုံးက၊ ဒါပေမယ့် ထက်တက် လာနိုင်ခြေရှိတဲ့ အခြေအနေ ဆိုရင်တော့ ကုမ္ပဏီ တော်တော်များများက တချို့ဆေးတွေ ပြတ်တာနဲ့ ဘာနဲ့ ဆိုရင်တော့ ရပ်တည်ဖို့ နည်းနည်း ခက်ခဲ သွားလိမ့်မယ်ပေါ့၊ ကုမ္ပဏီ တော်တော်များများ ရပ်တည်ဖို့ ခက်ခဲသွားမယ် ဆေးဆိုင်တွေ အနေနဲ့ကလည်း သူတို့ဆေးတွေ ဝယ်ယူဖို့ အဆင်မပြေတာတွေ ဖြစ်လာလိမ့်မယ် ကုမ္ပဏီ တချို့ တော်တော်များများ ဟာဆိုရင် အလုပ်လေတွေ ပိတ်သိမ်းတာတွေ ဖြစ်သွားလိမ့်မယ်”လို့ ဆိုပါတယ်။

ဆေးဝါးတင်သွင်းခွင့် အခက်အခဲကြောင့် ပြည်တွင်းဆေးဈေးကွက်မှာ သွေးတိုး၊ဆီးချိုနဲ့ နှလုံးရောဂါအတွက် ဆေးဝါးတွေ အပါအဝင် အိမ်သုံးဆေးဝါးတချို့ ပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတာပါ။

ဒါ့အပြင် ဆေးကုမ္ပဏီတွေကလည်း ဆေးဝါးတွေကို ခွဲတမ်းနဲ့သာ ရောင်းချပေးနေတဲ့အတွက် မဖြစ်မနေ ဆေးဝါးသောက်သုံးဖို့ လိုအပ်သူတွေက ဈေးနှုန်း အဆမတန် ပေးဆောင်ပြီး ဝယ်ယူနေရတာပါ။

မွန်ပြည်နယ်မှာတော့ ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေကို ထိုင်း၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေကနေ အဓိက တင်သွင်းနေတာ ဖြစ်ပြီး စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကာလအတွင်း ဆေးဝါးပြတ်လပ်မှုတွေကို မကြာခဏ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.