ဘီးလင်း ၊ သြဂုတ် (၂၁)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ ရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF အမည်စာရင်း ကောက်ယူပြီး ပြန်လည် တင်ပြကြဖို့ စစ်ကောင်စီတပ်က ရဲနဲ့အုပ်ချုပ်ရေးမှူးအဖွဲ့တွေကို ညွှန်ကြားလာတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဘီးလင်းမြို့နယ်အတွင်းရှိ ရဲတပ်ဖွဲ့ဝင်တွေ အပါအဝင် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီတပ်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှာ အစည်းအဝေးခေါ်ယူပြီး PDF တပ်ဖွဲ့ဝင် အမည်စာရင်း ကောက်ယူကြဖို့ ညွှန်ကြားလာတာပါ။

စစ်ကောင်စီတပ်က ရပ်ကွက်၊ကျေးရွာအတွင်းမှာ ရှိနေတဲ့ PDF တပ်ဖွဲ့ဝင် အမည်စာရင်း ကောက်ယူပြီး ပြန်လည် တင်ပြပေးဖို့နဲ့ နေရပ်ပြန်လာရင် သတင်းပေးပို့ဖို့ ညွှန်ကြားလာတာ ဖြစ်ပါတယ်။

ရဲနဲ့အုပ်ချုပ်ရေးအဖွဲ့တွေအနေနဲ့လည်း PDF တွေကို ဖမ်းဆီးပေးကြဖို့နဲ့ ဖမ်းဆီးမပေးနိုင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ပွဲပြင်းထန်တဲ့ဒေသတွေကို ပြောင်းရွှေ့သွားမယ်လို့ ခြိမ်းခြောက်လာတာပါ။

ဒါ့အပြင် အမျိုးသား ၂ ဦး ဆိုင်ကယ်အတူစီးတာ၊ အမျိုးသမီးရှေ့က မောင်းတဲ့ဆိုင်ကယ်အနောက်မှာ အမျိုးသား လိုက်ပါလာရင် မိအောင်ဖမ်းဆီးဖို့နဲ့ လက်မခံဘဲ မောင်းပြေးပါက ပစ်ခတ်ဖမ်းဆီးဖို့ အပါအဝင် ညဘက် မသင်္ကာစရာတွေ့ပါက ပစ်ခတ်ဖမ်းဆီးလုပ်ဆောင်ဖို့လည်း ညွှန်ကြားထားတာပါ။

ဘီးလင်းမြို့နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မကြာခဏ တိုက်ခိုက်ခံရပြီးနောက် အမျိုးသား နှစ်ဦ ဆိုင်ကယ် အတူးမစီးဖို့နဲ့ အမျိုးသမီးမောင်းတဲ့ ဆိုင်ကယ်အနောက်မှာ အမျိုးသား လိုက်ပါ စီနင်းရင်း အရေးယူသွားမယ်လို့ စစ်ကောင်စီက ပြီးခဲ့တဲ့ သြဂုတ် ပထမအပတ်မှာ ကြေညာထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.