ဘေဂျင်း ၊ သြဂုတ် (၂၁)

တရုတ်-ကနေဒါ ဘီလျံနာ ရှောင်ဂျန်ဟွာကို ရှန်ဟိုင်းတရားရုံးတော်က ထောင်ဒဏ် (၁၃)နှစ်နဲ့ ၄င်းရဲ့ Tomorrow Holdings လုပ်ငန်းစုကြီးကို ဒဏ်ကြေး ယွမ် ၅၅.၀၃ ဘီလီယံ ပေးဆောင်ရန် ပြီးခဲ့တဲ့ သောကြာနေ့က အမိန့်ချမှတ်ခဲ့ပါတယ်။

ရှောင် (Xiao) နဲ့ Tomorrow Holdings လုပ်ငန်းစုက အများသူငှာ အပ်ငွေတွေကို တရားမဝင် သိမ်းယူတာ၊ ဘဏ္ဍာငွေများ တရားမဝင် အသုံးပြုတာနှင့် လာဘ်ပေးလာဘ်ယူမှုတို့ကြောင့် တရားစွဲဆိုထားကြောင်း Shanghai First Intermediate တရားရုံးက ပြောကြားခဲ့ပါတယ်။

၎င်းတို့က ပြစ်မှုတွေကို ဝန်ခံပြီး တရားမ၀င် အမြတ်ငွေများ ပြန်လည်ရရှိရေးနှင့် ဆုံးရှုံးမှုတွေအတွက် ပြန်လည်ကုစားရေးဆောင်ရွက်ရာမှာ ပူးပေါင်းဆောင်ရွက်ခဲ့တာကြောင့် ပြစ်ဒဏ်လျော့ပါးခဲ့တာလို့ ဆိုပါတယ်။

တရုတ်ကွန်မြူနစ်ပါတီ အထက်တန်းစားများနှင့် အဆက်အစပ်ရှိတဲ့ တရုတ်နိုင်ငံဖွား ရှောင် (Xiao)ကို ဟောင်ကောင်ရှိ ဇိမ်ခံဟိုတယ်တစ်ခုမှ ဘီးတပ်ကုလားထိုင်ဖြင့် ထွက်လာခဲ့သည်ကို နောက်ဆုံးတွေ့မြင် ခဲ့ရကြောင်း သူဌေးကြီးနှင့် နီးစပ်သူတစ်ဦးက Reuters သို့ ပြောကြားခဲ့ပါတယ်။

Xiao နှင့် Tomorrow တို့သည် “ဘဏ္ဍာရေးစီမံခန့်ခွဲမှုအမိန့်ကို ပြင်းပြင်းထန်ထန်ချိုးဖောက်ခြင်း” နှင့် “နိုင်ငံတော်ဘဏ္ဍာရေးလုံခြုံမှုကိုထိခိုက်စေသည်” လို့ တရားရုံးက ပြောကြားခဲ့ပြီး သူဌေးကြီးကို ပြစ်မှုများအတွက် ထောင်ဒဏ်အပြင် ယွမ်ငွေ 6.5 သန်းကိုလည်း ဒဏ်ငွေ ချမှတ်ခဲ့ပါတယ်။

သောကြာနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်-ကနေဒါ Xiao ရဲ့ ကောင်စစ်ဝန်ဝင်ရောက်ခွင့်နှင့် ပတ်သက်ပြီး မေးမြန်းရာမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝန်ဝီဘွန် က ရှောင် (Xiao) သည် တရုတ်ဥပဒေအရ နိုင်ငံသားနှစ်မျိုးကို အသိအမှတ်မပြုတဲ့အတွက် ဒီလိုအခွင့်အရေးတွေကို ရပိုင်ခွင့်မရှိဘူးလို့ ပြောပါတယ်။

ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနက စီရင်ချက်ကို  သိရှိထားပြီး တာဝန်ရှိသူတွေက ထိုအမှုကို စောင့်ကြည့်နေသလို ကောင်စစ်ဝန်ဝင်ရောက်ခွင့်အတွက် သတင်းပေးသွားမယ်လို့ ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.