ရန်ကုန် ၊ သြဂုတ် (၂၀)

အရေးပေါ်ကာလသက်တမ်း ထပ်တိုးထားတဲ့ အာဏာသိမ်း စစ်ကောင်စီအဖွဲ့ အပြောင်းအလဲ လုပ်တာဟာ သူတို့ ယုံကြည်စိတ်ချရတဲ့သူကို အစားထိုးတာ ဖြစ်တယ်လို့ နိုင်ငံရေးသုံးသပ်သူတွေနဲ့ ဝါရင့်နိုင်ငံရေးသမားတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ ဝန်ကြီးတချို့ကို အနားပေးတာနဲ့ အပြောင်းအလဲ လုပ်တာတွေ အပါအဝင် ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းကြောင်း ပြီးခဲ့တဲ့ သြဂုတ် ၁၉ ရက်နေ့မှာ ထုတ်ပြန်ကြေညာလာတာပါ။

အဲဒီထဲမှာတော့ စစ်ကောင်စီ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂) ဝန်ကြီး ဦးချစ်နိုင်၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးခင်ရီ ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဥက္ကဋ္ဌ ဦးသန်းညိန်း နဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးဝင်းသော်တို့ကို တာဝန်ကနေ အနားယူခွင့်ပြုတယ်လို့ ထုတ်ပြန်ထားတာပါ။

ရင်းနှီးမြုပ်နှံမှုနဲ့နိုင်ငံခြားစီးပွား၊ဆက်သွယ်ရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနနဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့က ပြည်ထောင်စုဝန်ကြီး လေးဦးကိုလည်း ပြောင်းရွှေ့ ခန့်အပ်ခဲ့ပါတယ်။

ဒါ့အပြင် ပဲခူးတိုင်း၊ဧရာဝတီတိုင်း၊ရှမ်းပြည်နယ်နဲ့ မွန်ပြည်နယ်တို့က လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး လေးဦးကိုလည်း အစားထိုးခန့်အပ်ခဲ့ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးကတော့ စစ်ကောင်စီအဖွဲ့အပြောင်းအလဲဟာ သူတို့ ယုံကြည်စိတ်ချရသူတွေကို အစားထိုးတာ ဖြစ်ပြီး ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တာလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

“ပဋိပက္ခဆိုတာထက် သူ့အနေနဲ့ သံသယဖြစ်စရာ ဒါမှမဟုတ် တစ်ခုခုတော့ ရှိလိမ့်မယ်၊ အဲဒါတော့ ကျွန်တော် အရမ်းအတိအကျကြီး ပြောလို့ မရဘူး။ဒါပေမယ့် အခုသူပြန်လည်ဖွဲ့စည်းလိုက်တဲ့ ဖွဲ့စည်းမှုမှာ အမျိုးသမီးနည်းနေတာ တွေ့ရမယ်။နောက်တပ်ဘက်က လူတွေ ပိုများလာတာ တွေ့ရမယ်။အဲဒီလိုမျိုး ဖွဲ့စည်းထားတဲ့ဟာမှာ သူ့ရဲ့ ယုံကြည်စိတ်ချတယ်လို့ ယူဆရတဲ့သူတွေကို နေရာပေးတာ တွေ့ရလိမ့်မယ်။တစ်ဖက်မှာလည်း သူနဲ့ နီးစပ်တယ်၊ (ကြံ့ခိုင်ရေးပါတီ) USDP နဲ့ နီးစပ်တယ်၊ ဘာပဲ ဖြစ်ဖြစ် သူတို့နဲ့ မူဝါဒ သဘောထားခြင်း တိုက်ဆိုင်နေတဲ့သူကို ရွှေ့လိုက်တာမျိုးဆိုရင် ကျွန်တော့်အနေနဲ့ ယူဆမိတာ USDP အတွက် ဒါမှမဟုတ် နောင်ရွေးကောက်ပွဲမှာ တစ်ခုခု ပြင်ဆင်နေတဲ့ အစီအစဉ် တစ်ခုခု ရှိပုံရတယ်လို့ ယူဆတယ်”လို့ သူက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီ အခြေစိုက်တဲ့ နေပြည်တော်ကောင်စီနယ်မြေ ဥက္ကဋ္ဌ အဖြစ် ဦးတင်ဦးလွင်ကို ခန့်အပ်ထားသလို ဥက္ကဋ္ဌဟာင်း ဒေါက်တာမောင်မောင်နိုင်ကိုတော့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌအဖြစ် ပြောင်းရွှေ့ခန့်အပ်လိုက်ပါတယ်။ဒါ့အပြင် စစ်ကောင်စီက ချင်းပြည်နယ်ဝန်ကြီးချုပ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥက္ကဋ္ဌ နဲ့ ပြည်ထောင်စု စာရင်းစစ်ချုပ် ရာထူးတွေကိုလည်း ပြောင်းရွှေ့ တာဝန်ပေးလိုက်တာ ဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ် မဲမသမာမှု အကြောင်းပြချက်နဲ့ အာဏာသိမ်းယူထားတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းကတော့ အပြောင်းအလဲ မရှိ ဝန်ကြီးချုပ်နဲ့ ဒုတိယ ဝန်ကြီးချုပ် ရာထူးကို ဆက်လက် ရယူထားဆဲ ဖြစ်ပါတယ်။

ဝါရင့် နိုင်ငံရေးသမား ဦးဖေသန်းကတော့ စစ်ကောင်စီအနေနဲ့ လာမယ့် ၂၀၂၃ ခုနှစ်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲမတိုင်ခင် ကြားကာလမှာ သူတို့နဲ့ တွဲလုပ်ဖို့အတွက် အဆင်ပြေမယ့်သူတွေကို အစားထိုးတာလို့ မှတ်ချက်ပြုပါတယ်။

“ရွေးကောက်ပွဲလုပ်ဖို့က သူတို့ တစ်နှစ်အချိန်လိုသေးတယ်။အဲဒီကြားကာလမှာပေါ့၊အစိုးရအသစ် မပေါ်ခင် ကြားကာလမှာ သူတို့အတွက် လုပ်လို့ ကိုင်လို့ ကောင်းတဲ့သူကို အစားထိုးတယ်လို့ပဲ ပြောလို့ရမှာပေါ့။ စစ်ကောင်စီရဲ့ သက်တမ်းက တစ်နှစ်ပဲဆိုတော့ အဲဒီ တစ်နှစ်ကြားမှာ သူတို့လိုအပ်သလို အပြောင်းအလဲ လုပ်နိုင်တယ်၊လုပ်ခွင့်လည်း ရှိတယ်။အစိုးရတောင်မှ ဖွဲ့ထားပြီးပြီဆိုတော့ ဝန်ကြီးဌာနတွေကို သူတို့ အပြောင်းအလဲလုပ်နိုင်တယ်။သူတို့ ပိုပြီးတော့ လုပ်လို့ ကိုင်လို့ ကောင်းမယ့် သူတွေကို အစားထိုးတယ်လို့ပဲ ပြောလို့ ရပါမယ်၊တစ်ခြားရည်ရွယ်ချက် ကြီးကြီးမားမားတော့ ဟုတ်ပုံ မရပါဘူး”လို့ သူက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့မှာ နောက်ဆုံးအကြိမ် အရေးပေါ်ကာလသက်တမ်း ၆ လ ထပ်တိုးထားပြီး လာမယ့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။

နောက်ဆုံးအကြိမ် အရေးပေါ်ကာလ သက်တမ်းကုန်ဆုံးပြီးပါက စစ်ကောင်စီအနေနဲ့ နောက်ခြောက်လအတွင်း မဖြစ်မနေ ရွေးကောက်ပွဲ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။စစ်ခေါင်းဆောင် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် လာမယ့် ခြောက်လအတွင်း နိုင်ငံရေး၊ စီးပွားရေးတွေ ပြန်လည် ဦးမော့လာအောင် လုပ်ဆောင်သွားမယ်လို့ သြဂုတ် ၁၆ ရက်နေ့က ပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုထားပါတယ်။

အာဏာသိမ်းကာလ ၁၈ လကျော်အတွင်း တိုင်းပြည်ဟာ နိုင်ငံရေး၊စီးပွားရေး၊ပညာရေး၊ကျန်းမာရေး စတဲ့ ကဏ္ဍတွေမှာ ပျက်စီးယိုယွင်းလာသလို နိုင်ငံတဝန်းမှာလည်း နေရပ်စွန့်ခွာသူတွေ၊ နေအိမ်အဆောက်အဦး မီးရှို့ဖျက်ဆီးခံရတာတွေ ဆက်တိုက် ဖြစ်ပေါ်နေတာပါ။

ကုလသမဂ္ဂရဲ့ ဩဂုတ် ၈ ရက်နေ့ နောက်ဆုံးကောက်ယူထားတဲ့ စာရင်းတွေအရ နိုင်ငံတဝန်းမှာ စစ်တပ် အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၉ သိန်းကျော်ထိ ရှိလာတယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.