မြဝတီ – ဩဂုတ်(၂၁)

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတစ်လျှောက်မှာ စစ်ကောင်စီ ကလုံခြုံရေးတင်းကြပ်ထားပြီး စစ်ဆေးမှုတွေပိုမိုလုပ်ဆောင်နေလို့ အချိန်ကြန့်ကြာပြီး ကုန်စည် စီးဆင်းမှု နှေးကွေးလာတယ်လို့ ကုန်သည်တွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ကုန်တင်ကားတွေနဲ့ ယာဉ်မောင်းတွေကို ဂိတ့်အဆင့်ဆင့် နဲ့ အချိန်ယူစစ်ဆေးတာတွေလုပ်ဆောင် နေသလို ညမထွက်ရ အမိန့်တွေကြောင့်လည်း ကုန်ကားတွေဟာ အရင်ကထက် လမ်းမှာ အချိန်ပို ကြာနေရတာပါ။

“ တံတားတိုင်းမှာ ဂိတ်ကြေးပေးရတယ်။ ပေးရတာပြဿနာမဟုတ်ဘူး တစ်နေရာပြီး တစ်နေရာ စစ်တာအရမ်းကြနေတော့ ကားတွေက ခေါက်ရေမရတော့ဘူး။ ပိုဆိုးတာက သံလွင်တံတားမှာ ကြာတယ်။ ပြီးရင်ဝေါနားမှာပေါ့ X Ray စက်ကြီးရှိတယ်။ ကားတစ်စီးကို ငါးမိနစ်လောက်ကြာ တယ်” လို့ ကုန်သည်တစ်ဦးဖြစ်တဲ့ ကိုဉာဏ်စိုးလှိုင်က ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေဟာ ကုန်ကားတွေကိုစစ်နေရင်းနဲ့ မသင်္ကာတဲ့ ပစ္စည်းတွေကို ဖောက်စစ်တာတွေရှိနေလို့ အလုပ်သမားစရိတ်တွေပိုကုန်နေရတယ်လို့ သူကပြောပါသေးတယ်။

စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေစစ်ရေးတင်းမာနေတဲ့ မြဝတီ-ကော့ကရိတ် နယ်စပ်ကုန် သွယ်ရေးဇုန်ကို စစ်ကောင်စီက ဩဂုတ်လ(၁၈) ရက်နေ့မှာ ပိတ်သိမ်းခဲ့ပြီး (၁၉) ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ခဲ့ပေမယ့် စစ်ဆေးမှုတွေပိုမိုလုပ်ဆောင်လာတာဖြစ်ပါတယ်။

သံလွင်တံတားနားမှာရှိတဲ့ X Ray စက်မရောက်ခင်အထိ ကုန်ကားတွေဟာ စစ်ဆေးရေးဂိတ် (၇) နေရာလောက်ဖြတ်သန်းရပြီး X Ray စက်မှာ တန်းစီရချိန်ဟာ အကြာဆုံးဖြစ်သလို အချိန် (၂) နာရီကနေ (၃) နာရီလောက်ပေးရတယ်လို့ သိရပါတယ်။

“ကားနဲ့သွားရင်နှစ်မိနစ် သုံးမိနစ်လောက်ပဲကြာတဲ့ဟာကို ရှိသမျှ ကုန်သည်တွေ ကားတွေက စောင့်ပြီးတော့ နောက်ဆုံး ည ၁၀ ၁၁ နာရီလောက်မှ ပြီးတာ။ ပြီးလို့ရှိရင်လည်း ညမထွက်ရ အမိန့်နဲ့သွားတိုးရင်လည်း ရှိသမျှကားတွေအကုန်လုံးက နဂိုကတထက်အချိန်က တစ်ရက် လောက်ပိုကြာသွားရော ။’’လို့လည်းကိုဉာဏ်စိုးလှိုင်က ပြောပါသေးတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်မကြာခဏပြောဆိုနေတဲ့ ကုန်စည်စီးဆင်းမှု မြန်ဆန်ရေးဟာ ဘယ်လိုမှ မဖြစ်နိုင်ပဲ စစ်ဆေးရေးဂိတ်တွေမှာ မလိုအပ်ပဲ အချိန်ကုန်နေရတဲ့အတွက် ကုန်စည် စီးဆင်းမှု နှောင့်နှေးနေရတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဘတ်ငွေစျေးမြင့်တက်နေတဲ့အတွက်လည်း ကုန်သည်တွေဟာ ရင်းနှီးမြှုပ်နှံဖို့ ငွေ အင်အား နည်းလာသလို ကုန်ကားတွေအရင်ကလောက်မထွက်နိုင်တော့ပဲ အစီးရေလျော့နည်း လာနေတာပါ။

အာဏာသိမ်းစစ်ကောင်စီက နယ်စပ်ကုန်သွယ်ရေးဇုန်တွေမှာ ပြည်ပတင်ပို့မယ့် ပို့ကုန်တွေကို ဒေါ်လာနဲ့ တန်ဖိုးသတ်မှတ်ပြီး တင်ပို့ခိုင်းတာတွေအပြင် သွင်းကုန်လိုင်စင် လျှောက်ထား ခိုင်းတဲ့ အတွက် နယ်စပ်ကုန်စည်စီးဆင်းမှု ဟာ ရပ်တန့်လုနီးပါးဖြစ်လာတယ်လို့ နယ်စပ်ကုန်သည် တွေက သံလွင်တိုင်းမ် ကိုပြောထားပါတယ်။

မြန်မာနိုင်ငံဟာ ၊တရုတ်၊ထိုင်းဒအန္ဒိယ၊လာအို၊ဘင်္ဂလားဒေ့်နိုင်ငံတွေကို နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေးဇုန်တွေကနေတဆင့် ကုန်သွယ်နေတာ ဖြစ်ပါတယ်။

နယ်စပ်ကုန်သွယ်ရေးဇုန်တွေကနေတဆင့် မြန်မာနိုင်ငံဘက်က စိုက်ပျိုးရေးထွက်ကုန်တွေကို အဓိက တင်ပို့နေတာဖြစ်ပြီး ကုန်သွယ်ဘက်နိုင်ငံတွေကတော့ အခြေခံစားသောက်ကုန်၊ ဆေးဝါး၊ အလှကုန်၊ လူသုံးကုန်နဲ့ ဆောက်လုပ်ရေးသုံး ပစ္စည်းတွေအဓိက တင်သွင်းနေတာဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.