ဖနွမ်းပင် – ဩဂုတ်(၂၁) 

ကမ္ဘောဒီးယားနိုင်ငံက ကာစီနိုရုံတွေမှာ အခကြေးငွေမရပဲ မတရားခိုင်းစေခံနေရတယ်လို့ သတင်း ထွက်ပေါ်နေတဲ့ ဗီယက်နမ်းနိုင်ငံသားတွေ မြစ်ကိုကူးပြီး သူတို့ရဲ့ ဇာတိမြေကို ထွက်ပြေး သွားတယ်လို့ ဩဂုတ်လ(၁၉) ရက်နေ့က အာဏာပိုင်တွေက ပြောဆိုခဲ့ပါတယ်။ 

ဗီယက်နမ်နိုင်ငံ နဲ့ အိမ်နီးချင်းဖြစ်တဲ့ ကမ္ဘောဒီးယား ကန်ဒယ်ခရိုင်ဒေသန္တရမှာ ဖွင့်လှစ်ထားတဲ့ Golden Phoenix Entertainment ကာစီနိုရုံက ဝန်ထမ်း(၄၀) ဟာ သူတို့လွတ်မြောက်ဖို့အတွက် လုံခြုံရေးအစောင့်အကြပ်တွေကို တိုက်ခိုက်ပြီး ထွက်ပြေးခဲ့ကြပြီး လက်တလောမှာ ဝန်ထမ်း တစ်ဦး ပျောက်ဆုံးနေတယ်လို့ ဗီယက်နမ်နိုင်ငံပိုင် သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ 

“သူတို့လုပ်ခလစာရမယ်လို့ဆိုတဲ့ တဖက်က ပေးတဲ့ ကတိကို ရထားကြတယ်။ ဒါပေမယ့် အဲ့ ကတိတွေအတိုင်း သူတို့မရခဲ့ဘူး။ ဒီ အပေးအယူမဖြစ်မြောက်ခဲ့တာကြောင့် သူတို့အားလုံး ဗီယက်နမ် ကို ပြန်ဖို့ ကြိုးစားကြတာပါ။ သူတို့အားလုံး အဲ့နေရာကနေ တိမ်းရှောင် ထွက်ပြေး သွားခဲ့ပါပြီ” လို့ ကမ္ဘောဒီးယားပြည်ထဲရေးဝန်ကြီး ဆာခန်က သတင်းထောက်တွေကို ပြောခဲ့ ပါတယ်။ 

ဒါ့အပြင် ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ ဗီယက်နမ်နိုင်ငံသားတွေဟာ ကမ္ဘောဒီးယားနိုင်ငံမှာ တရားမဝင် အလုပ်လုပ်ကိုင်နေကြတဲ့ သူတွေဖြစ်တယ်လို့လည်း သူက ပြောပါသေးတယ်။ 

အသက်(၂၀) အရွယ်နစ်နာသူတစ်ဦးရဲ့ ပြောဆိုချက်အရ သူတို့ထွက်ပြေးဖို့ ကြိုးစားခဲ့ချိန်မှာ လုံခြုံရေးအစောင့်အကြပ်တွေရဲ့ ကြက်တောင်ရိုက်တံ နဲ့ သံတုတ်တွေကို အသုံးပြုတိုက်ခိုက်မှု တွေကို ခံခဲ့ရတယ်လို့ ဆိုထားပါတယ်။ 

“ကမ္ဘောဒီးယား ကာစီနိုမှာ ကျွန်မတို့ အလုပ်လုပ်ခဲ့တဲ့ ၄ လ စလုံးက ငရဲခန်းပါပဲ ပြီးတော့လည်း အလိမ်ခံခဲ့ရတယ်” ဟုပြောကြားရင်း သူမအနေဖြင့် ၁၄ နာရီခန့် အလုပ်လုပ်ရကြောင်း၊ “အဲ့လို ကျွန်မ မလုပ်နိုင်ဘူးဆိုလည်း သေလောက်အောင် အရိုက်ခံရတော့တာပဲ”  လို့ VnExpress သတင်းမီဒီယာသို့ ပြောဆိုထားပါတယ်။ 

ဗီယက်နမ်ရဲတပ်ဖွဲ့ အကြီးအကဲ ဒင့်န်ဗန်နွိုင်က ဘင်ဒီမြစ်ကို ဖြတ်သန်းပြီး နယ်စပ်ဂိတ်ဝကနေ ဝင်ရောက်လာတဲ့ အမျိုးသား(၃၅) ဦးနဲ့ အမျိုးသမီး(၅) ဦးတို့ကို ကိုဗစ်စစ်ဆေးကာ ဖြစ်စဉ်နဲ့ ပတ်သက်တဲ့ မေးခွန်းတွေမေးမြန်းနေတယ်လို့ ပြောခဲ့ပါတယ်။ 

ဗီယက်နမ်အာဏာပိုင်တွေရဲ့ပြောဆိုချက်တွေအရ ဒီနှစ်ဝက်အတွင်း ကမ္ဘောဒီးယားနိုင်ငံမှာ ခေါင်းပုံဖြတ်ခံနေရတဲ့ ဗီယက်နမ်နိုင်ငံသား အယောက်(၂၅၀) ကျော်ကို ကယ်တင်ထားနိုင် တယ်လို့ ဆိုထားပါတယ်။ 

ကမ္ဘောဒီးယားနိုင်ငံအတွင်းကို အရှေ့တောင်အာရှနိုင်ငံတွေက လူတွေဟာ အလုပ်အကိုင်အခွင့် အလမ်းအတွက် ဝင်ရောက်လာလို့ လူကုန်ကူးကွန်ရက်တွေကို ပစ်မှတ်ထားပြီး စစ်ဆေးဆောင် ရွက်နေတယ်လို့ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။ 

ဒါ့အပြင် ကမ္ဘောဒီးယားကမ်းရိုးတန်း ဒေသတွေက လူလိမ်တွေရဲ့ စီးပွားရေး လုပ်ငန်းတွေ က ဒါဇင်နဲ့ ချီတဲ့ အင်ဒိုနီးရှား နိုင်ငံသားတွေကို ကယ်တင်ထားနိုင်ခဲ့တယ်လို့ မီဒီယာတွေက အစီရင်ခံ ထားပါတယ်။ 

အခုဖြစ်စဉ်ကြောင့် ကမ္ဘောဒီးယားရဲတပ်ဖွဲ့က ကာစီနိုရုံမန်နေဂျာဖြစ်သူကို ဖမ်းဆီးထိန်းသိမ်း ထားပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ 

Ref: the straits time

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.