ရန်ကုန် – ဩဂုတ်(၂၀)

အဝေးပြေးကားလက်မှတ်ရောင်းချချိန်မှာ လိုက်ပါစီးနင်းမယ့် ခရီးသည်ရဲ့ နေရပ်လိပ်စာအပြည့် အစုံယူထားဖို့ စစ်ကောင်စီလက်အောက်ခံ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနက အမိန့် ထုတ်ပြန်ထားတယ်လို့ အဝေးပြေးယာဉ်လိုင်းတစ်ခုက သံလွင်တိုင်းမ် ကိုပြောပါတယ်။

အရင်က အဝေးပြေးယာဉ်လိုင်းစီးနင်းရင် ခရီးသည်ရဲ့ နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင် နံပါတ်) နဲ့ ဖုန်းနာပါတ်ကိုသာ တောင်းယူတာရှိပေမယ့် လက်ရှိမှာတော့ လိပ်စာအပြည့်အစုံကို တောင်းယူခိုင်းနေတာပါ။

“အခုက ခရီးသွားကလည်း သိပ်မရှိပါဘူး။ဒီအချိန်က ပြည်သူတွေကလည်း အပျော်ခရီးသွားတာ တွေနည်းလာတယ်။ မဖြစ်မနေသွားရတဲ့ သူတွေပဲ ရှိတော့တယ်။ သူတို့က တောင်းဆိုတော့လည်း ကျွန်တော်တို့ကတောင်းပေးရမှာပဲလေ လွန်ဆန်လို့မှမရတာ” လို့ အောင်မင်္ဂလာအဝေးပြေးမှာ အခြေစိုက်တဲ့ ယာဉ်လိုင်းတာဝန်ခံတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

စစ်ကောင်စီရဲ့ တင်းကြပ်မှုတွေကြောင့် ယာဉ်လိုင်းတွေရပ်တည်ဖို့ ခက်ခဲတာတွေရှိနေပြီး ပြည်သူတွေလည်း ဒုက္ခပိုရောက်နေရတယ်လို့ သူက ပြောပါသေးတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ(၄) ရက်နေ့ကလည်း အဝေးပြေးယာဉ်လိုင်းတွေရဲ့ ကုန်တင်ဖို့နဲ့ လူမဲ့တန်ဆာပစ္စည်း တွေကို လက်မခံ တော့ဖို့ စစ်ကောင်စီက အမိန့်ထုတ်ထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ဩဂုတ်လ(၁၉) ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ စာမှာ အချက် (၂) ချက်ဖော်ပြထားပြီး ခရီးသွားပို့ဆောင်ရေးယာဉ်အသင်းတွေအနေနဲ့ ခရီးသွားလာမယ့် ပြည်သူတွေကို ခရီးသွားလက်မှတ်ရောင်းချရာမှာ ခရီးသည်ရဲ့ အမည်၊နိုင်ငံသားစီစစ်ရေးကတ် အမှတ်၊ နေရပ်လိပ်စာနဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပတ်အပြည့်အစုံရယူပြီးမှ ရောင်းချစေရေး ကြီးကြပ်ဆောင်ရွက်သွားဖို့ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန(ရုံးချုပ်) က ညွှန်ကြားလာပါတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ် အနေနဲ့ ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့တော့ မရခဲ့ပါဘူး။

ရန်ကုန်အပါအဝင် အဝေးပြေးကားနဲ့ သယ်ဆောင်လာတဲ့ လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိမှု တွေရှိနေတဲ့အတွက် စစ်ကောင်စီက ပိုမိုတင်းကြပ်လာတာဖြစ်နိုင်တယ်လို့ ပြည်သူတွေက ပြောဆိုနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.