ရန်ကုန် ၊ သြဂုတ် (၂၀)

အာဏာသိမ်း စစ်အုပ်စုဘက်က လာမယ့် ခြောက်လအတွင်း တော်လှန်ရေးအင်အားစုတွေကို လေကြောင်း၊ကြည်ကြောင်းနဲ့ ပြင်းထန်တဲ့ ပူးပေါင်း စစ်ဆင်ရေးတွေ ပြုလုပ်လာနိုင်တယ်လို့ CDM ဗိုလ်ကြီးတွေနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောဆိုလိုက်ပါတယ်။

ပြည်သူတွေ မဲပေးရွေးချယ်ခဲ့တဲ့ အရပ်သားအစိုးရကို ဖြုတ်ချပြီး နိုင်ငံတော်အာဏာ သိမ်းယူခဲ့တဲ့ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့မှာ အရေးပေါ်ကာလ ၆ လ သက်တမ်းထပ်တိုးထားတာ ဖြစ်ပြီး အခုသက်တမ်းတိုးမှုဟာ နောက်ဆုံးအကြိမ် ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်ကောင်စီရဲ့ နောက်ဆုံးအကြိမ် အရေးပေါ်ကာလ သက်တမ်းဟာ လာမယ့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး အရေးပေါ်ကာသက်တမ်းကုန်ဆုံးပါက စစ်ကောင်စီအနေနဲ့ မဖြစ်မနေ ရွေးကောက်ပွဲ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် လာမယ့် ခြောက်လအတွင်း နိုင်ငံရေး၊ စီးပွားရေးတွေ ပြန်လည် ဦးမော့လာအောင် လုပ်ဆောင်သွားမယ်လို့ ပြီးခဲ့တဲ့ သြဂုတ် ၁၆ ရက်နေ့က ပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုထားတာပါ။

CDM ဗိုလ်ကြီး လင်းထက်အောင်ကတော့ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် စစ်ကောင်စီဘက်က လာမယ့် ခြောက်လအတွင်းမှာ တော်လှန်ရေး အင်အားစုတွေကို လေတပ်၊ အမြှောက်တပ်၊သံချပ်ကာတပ်နဲ့ ဒုံးတပ်တွေ သုံးပြီး ပြင်းထန်တဲ့ ပူးပေါင်း စစ်ဆင်ရေးတွေ ပြုလုပ်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“သူတို့ကတော့ အသားကုန်ရုန်းတာပဲ။ ဒီထက်ပိုပြီး စစ်ဆင်ရေးတွေ ပိုလုပ်နိုင်တယ်။ အဓိကတော့ ပူးပေါင်းစစ်ဆင်ရေးတွေ၊ ဥပမာ လေတပ်၊ အမြှောက်တပ်၊ သံချပ်ကာတပ်၊ ဒုံးတပ်တွေ။ ဒါတွေကိုပါ သုံးလာနိုင်မယ့် အနေအထားတော့ ကျွန်တော့်အနေနဲ့ ထင်တယ်၊ခန့်မှန်းချက် တစ်ခုပါ။သူတို့ဘက်ကတော့ စစ်ဆင်ရေးတွေကို ဒီထက်ပိုပြီးတော့ လုပ်လာနိုင်တယ်။သူတို့ရဲ့ အင်အားတွေကလည်း တစ်နိုင်ငံလုံးအနှံ ဖြန့်ကျက်ထားပေမယ့် လက်ရုံးတပ်တွေရဲ့ အင်အားကို ထပ်ပေါင်းပြီး လက်နက်အင်အားကို ပိုပြီး တိုးချဲ့ လုပ်လာနိုင်တယ်လို့ ဒီခြောက်လအတွင်းမှာ ကျွန်တော်တို့က ခန့်မှန်းတယ်”လို့ သူက ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီက တော်လှန်ရေးအင်အားစုတွေ ဆက်လက် ရပ်တည်လို့ မရအောင် ပြည်သူတွေကို ဖိအားပေးတဲ့ နည်းဗျူဟာတွေ နဲ့ အကြမ်းဖက်မှုတွေ ပိုပြီးလုပ်ဆောင်လာနိုင်တယ်လို့လည်း CDM ဗိုလ်ကြီး လင်းထက်အောင်က ဆိုပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကလည်း စစ်အုပ်စုက အကြမ်းဖက်မှုတွေကို ဆက်လက် အရှိန်အဟုန် မြှင့်တင်နိုင်တဲ့ လုံခြုံရေးအင်အားအပြည့် မရှိတော့ပေမယ့် ရွေးကောက်ပွဲကို ပြည်သူလူထုရဲ့ ဆန္ဒမပါဘဲ အတင်းအကြပ် လုပ်ဆောင်လာနိုင်တယ်လို့ မှတ်ချက်ပြုပါတယ်။

“အကြမ်းဖက်ကိစ္စတွေကတော့ အရှိန်မြှင့်ပြီး အခုထိ လုပ်ဆောင်နေတာပါပဲ။အခုက ဆက်လက်ပြီးတော့ အကြမ်းဖက်မှုကို အရှိန်အဟုန်မြှင့်တင်နိုင်တဲ့ လုံခြုံရေးအင်အားတွေ ပြည့်ပြည့်စုံစုံ မရှိတော့ဘူးလို့ ကျွန်တော်တို့ အနေနဲ့ အကဲဖြတ်ပါတယ်။ဒါပေမယ့် သူတို့က ရွေးကောက်ပွဲအတွက် အင်အားမမျှတတဲ့ နည်းတွေ ၊ ပြည်သူလူထုရဲ့ သဘောဆန္ဒ မပါဘဲနဲ့ အတင်းအကြပ် လုပ်ဆောင်မှုတွေတော့ ရှိလာနိုင်တယ်လို့ ကျွန်တော်တို့က မျှော်မှန်းပါတယ်”လို့ သူက သုံးသပ်ပါတယ်။

လတ်တလောမှာတော့ စစ်ကောင်စီဟာ ကရင်နီနဲ့ကရင်ပြည်နယ်တို့မှာ ပြင်းထန်တဲ့ စစ်ရေးတွေ ပြုလုပ်ဖို့ ပြင်ဆင်လာသလို စစ်ကိုင်းနဲ့မကွေးတိုင်းတို့မှာ လေကြောင်းရော ကြည်ကြောင်းရောပါ အသုံးပြု တိုက်ခိုက်တာတွေ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်တို့မှာလည်း စစ်ကောင်စီဘက်က အင်အားအလုံးအရင်း စစ်ကြောင်းထိုးဖို့ စတင်ပြင်ဆင်လာတာပါ။နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း(သီပေါ)ကတော့ စစ်ကောင်စီအနေနဲ့ အရင်ကတည်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ခြေကုပ်မရအောင် တိုက်ခိုက်တာတွေရှိတဲ့အတွက် ဆက်လက်ပြီး လုံလောက်တဲ့ အင်အားရှိ၊ မရှိ အပေါ်မူတည်ကာ ချေမှုန်းတာတွေ လုပ်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။

“အစကတည်းက ခြေကုပ်မရအောင် လုပ်တယ်၊ ဝင်လာတော့လည်း စစ်ကြောင်းတွေ ထိုးပြီးတော့ တိုက်ခိုက်တာ၊ ချေမှုန်းတာ လုပ်တယ်။အဲဒါကို ထပ်ပြီးတော့ သူတို့လုပ်ဖို့ဆိုတာက လုံလောက်တဲ့ အင်အားထပ်ပြီးဖြည့်ဖို့ အင်အား ရှိ၊မရှိ ဆိုတဲ့အပေါ်မှာလည်း တည်တယ်။ဒါတော့ ဘာတွေလုပ်မလဲဆိုတာတော့ ကိုယ့်မှာရှိတဲ့ အင်အားအပေါ်မှာ တည်ပြီးတော့ပဲ ပြောလို့ရမှာပေါ့။အရန်အင်အားတွေ ရှိတယ်၊ ထပ်ထုတ်ဖို့ ရှိတယ်ဆို ထပ်တိုးမှာပေါ့။မရှိဘူး ဆိုရင်တော့ ရှိတာနဲ့ ကျယ်ကျယ်ဝိုင်းပြီးတော့ လုပ်ရမှာပေါ့”လို့ သူက သံလွင်တိုင်းမ်ကို ပြောပါတယ်။

CDM ဗိုလ်ကြီး လင်းထက်အောင်ကလည်း စစ်တပ်ရဲ့ ထိုးစစ်ဆင်မယ့် လမ်းကြောင်းတွေကို အခုချိန်ကတည်းက ကြိုတင်စဉ်းစားပြီး ဖြတ်တောက်တိုက်ခိုက်မှုတွေ လုပ်ဆောင်သင့်ပြီး အဲဒီကနေ စစ်ကောင်စီရဲ့ တိုက်စစ်ဖွဲ့လာမယ့် လမ်းကြောင်းတွေကို ဟန့်တားနိုင်မယ်လို့ အကြုံပြုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ယာယီသမ္မတ ဒူဝါလရှီးလကတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို လုံးဝချေဖျက်ဖို့ အရေးကြီးတဲ့အချိန်ဖြစ်တာမို့ နိုင်ငံရေး၊ စစ်ရေး နှစ်ခုစလုံးနဲ့ စစ်အုပ်စုကို ချေမှုန်းဖို့ လုပ်ဆောင်ရမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဇွန် ၁၄ ရက်နေ့မှာ ပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.