မုန်းမြို့ ၊ သြဂုတ် (၁၉)

ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ကျေးရွာထဲကို ပြန်လည်ဝင်ရောက်လာတဲ့ စစ်ရှောင်ဒေသခံအမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်ပြီး သတ်ပစ်လိုက်တယ်လို့ ကေအဲန်ယူက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်(၁၇)ရက်နေ့က မုန်းမြို့နယ် ကျွန်းပင်ဆိပ်ကျေးရွာမှာ စခန်းချထားတဲ့ စစ်ကောင်စီ ခမရ(၆၀၃)တပ်ဟာ ဒေသခံအရပ်သား အမျိုးသား ၂ ဦးကို ဖမ်းဆီးနှိပ်စက်ပြီးနောက် သေနတ်နဲ့ ပစ်သတ်ခဲ့တာ ဖြစ်ပြီး အဲဒီဒေသခံနှစ်ဦးဟာ အသက်(၅၀)နှစ်ရှိသူ စာဘူးတောင်းရွာသားတစ်ဦးနဲ့ အသက်(၄၅)နှစ်ရှိ မဲမဲရွာသားတစ်ဦး ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အသတ်ခံရတဲ့ ဒေသခံအမျိုးသားနှစ်ဦးဟာ ပြီးခဲ့တဲ့ဩဂုတ်(၁၅)ရက်နေ့က ကျေးရွာမှာ ကျန်ရှိနေတဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို လာပြန်ကြည့်ချိန်မှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး အသတ်မခံရခင်မှာ ညှဉ်းပန်းနှိပ်စက်ရိုက်နှက်တာ ခံခဲ့ရတယ်လို့ ကေအဲန်ယူက ဆိုပါတယ်။

ကေအဲန်ယူ-ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေမှာ ဝင်ရောက်စစ်ရေးလှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံတွေကို မကြာခဏဆိုသလို ဖမ်းဆီးသတ်ဖြတ်နေပြီး တစ်လကျော်ကာလအတွင်း စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်မှုအပြင် လက်နက်ကြီးပစ်ခတ်မှုနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား(၂၀) နီးပါး သေဆုံးထားတာ ဖြစ်ပါတယ်။

ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုကြောင့် တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူ ၆၀၀၀၀ ကျော်ထိ ရှိလာပြီး လတ်တလောမှာ စစ်ဘေးရှောင်တွေအတွက် လူသားချင်စာနာမှုဆိုင်ရာအကူအညီတွေ လိုအပ်လျက်ရှိနေတယ်လို့ ကေအဲန်ယူက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.