ချုံကင်း – ဩဂုတ်(၁၉) 

လျှပ်စစ်ဓာတ်အားလိုအပ်ချက် မြင့်တက်လာပြီးနောက် စွမ်းအင်ချွေတာရေးအတွက် ဂျပန်စက်ရုံ တွေ အပါအဝင် တခြားစက်ရုံတွေဩဂုတ်လ (၂၄) ရက်နေ့အထိ ရပ်ဆိုင်းထားဖို့ ပြည်နယ် စည်ပင်သာယာရေးအစိုးရက အမိန့်ထုတ်လိုက်ပါတယ်။ 

စီချွမ်ပြည်နယ်မှာ အလားတူပြဿနာတွေပေါ်ထွက်လာပြီးနောက်ပိုင်း ချုံကင်းက လီရန်ကျန် ဧရိယာမှာ ဓာတ်အားသုံးစွဲမှုကို ထိန်းချုပ်နေရပြီး တခြားအပူရှိန်လွန်ကဲမှုကြောင့် ပန်ကာနဲ့ လေအေးပေးစက်တွေ အသုံးပြုမှုတွေ များပြားလာခဲ့တာပါ။ 

ချုံကင်းမှာ မော်တော်ကားနဲ့ ကွန်ပျူတာတွေ ထုတ်လုပ်တဲ့ စက်ရုံအများအပြားရှိပြီး အခုလို ပိတ်သိမ်းခိုင်းထားလို့ ပြည်တွင်းနဲ့ နိုင်ငံတကာအတွက် ထောက်ပံ့ရေးပစ္စည်းတွေ အပေါ် သက်ရောက်မှု ရှိနိုင်တယ်လို့ သိရပါတယ်။ 

ပြည်နယ်အစိုးရရဲ့ အမိန့်မှာ နိုင်ငံခြားပိုင်လုပ်ငန်းတွေအပါအဝင် စျေးဝယ်စင်တာတွေရဲ့ လည်ပတ်ချိန်ကိုလည်း ပုံမှန်ထက် လျှော့ချပြီး ဖွင့်လှစ်ကြရတော့မှာဖြစ်ပါတယ်။ 

စက်ရုံတွေကို လျှပ်စစ်သုံးစွဲမှုအမြင့်ဆုံး ရောက်ရှိချိန်မှာသာ ထုတ်လုပ်မှုကို ရပ်ဆိုင်းဖို့ သက်ဆိုင် ရာအစိုးရက တောင်းဆိုထားပေမယ့် ဓာတ်အားလိုအပ်ချက် အခြေအနေတွေ ပိုမိုဆိုးရွားလာတဲ့ အတွက် ရပ်ဆိုင်းဖို့ လိုအပ်တယ်လို့ ဆိုထားကြပါတယ်။  

ဒါ့အပြင် ချုံကင်း က ဒေသအများအပြားမှာ အပူချိန် (၄၀) ဒီဂရီစင်တီဂရိတ်ကျော် မြင့်မား နေတယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောဆိုထားပါတယ်။ 

တရုတ်နိုင်ငံ ချုံကင်း ပြည်နယ်ဟာ တရုတ်နိုင်ငံပိုင် Chongqing Changan Automobile နဲ့ အမေရိကန်အခြေစိုက် Ford Motor တို့အပါအဝင် မော်တော်ကားထုတ်လုပ်သူတွေ စုဝေးရာ ဖြစ်ပြီး အမေရိကန်နည်းပညာကုမ္ပဏီတွေအတွက် စက်ပစ္စည်းတွေထုတ်လုပ်တဲ့ ထိုင်ဝမ် အီလက်ထရွန်းနစ်ထုတ်လုပ်တဲ့ လုပ်ငန်းတွေလည်း ရှိတယ်လို့ သိရပါတယ်။ 

Isuzu Motors နဲ့ Honda တို့အပြင် မော်တော်ကား အစိတ်အပိုင်း ထုတ်လုပ်တဲ့ စက်ရုံတွေလည်း ချုံကင်း မှာ တည်ထောင်ထားကြပြီး ဂျပန်ကုမ္ပဏီတွေ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ 

စက်ရုံအများစုကို ဩဂုတ်လ(၂၀​) ရက်နေ့အထိ ထုတ်လုပ်မှုရပ်ဆိုင်းဖို့ အာဏာပိုင်တွေက အမိန့် ပေးထားပြီး အဲ့ဒီမှာ APPLE(I Phone) တင်သွင်းတဲ့ Hon Hai Precision Industry နဲ့ Toyota Motor ရဲ့ စက်ရုံတွေလည်း ပါဝင်ပါတယ်။ 

တရုတ်မီဒီယာတွေက ဇီကျန်နဲ့ ဂျီရန်ဆူဆူ ပြည်နယ်တွေမှာလည်း ဓာတ်အားပြတ်တောက်မှု တွေဖြစ်ပေါ်နေတယ်လို့ ဆိုထားကြပါတယ်။

Ref: Nikkei Asis

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.