မော်လမြိုင် ၊ သြဂုတ် (၁၅)
“ကျွန်တော် မပျော်တဲ့ နေရာကြီးမှာ နေနေရတာ နေ့တိုင်း စိတ်ညစ်ရတယ်။ နေ့တိုင်းလို ငိုနေရတယ်ဗျ။ အဲဒီမှာ နေတုန်းကဆို ကိုယ့်ဟာကိုယ် အဆုံး စီရင်ဖို့တောင် စဉ်းစားမိတယ် ” လို့ အသက် ၂၇ နှစ် အရွယ် စစ်သားတစ်ဦးက သူ CDM ဝင်လာရတဲ့ အကြောင်းအရင်းကို ရှိုက်ကြီးတငင်နဲ့ ပြောပြ ပါတယ်။
သူကတော့ ကိုရာဇာမြင့်နိုင်ပါ။ စစ်တပ် အာဏာမသိမ်းခင်က ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်က G&G စတိုးမှာ အလုပ်လုပ်နေတဲ့ သာမာန်လူငယ်တစ်ဦး ဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းမှုကို လက်မခံနိုင်လို့ ဆန္ဒပြပွဲတွေမှာ လိုက်ပါ ဝန်းရံခဲ့သူလည်း ဖြစ်ပါတယ်။
အာဏာသိမ်းကာလ ၈ လ အကြာမှာတော့ မမျှော်လင့်ထားခဲ့တဲ့ ကံကြမ္မာ အချိုးအကွေ့ တစ်ခုက ကိုရာဇာမြင့်နိုင်ရဲ့ ဘဝကို မုန်တိုင်း ထန်စေခဲ့ပါတယ်။
ကိုရာဇာမြင့်နိုင်နဲ့ သူငယ်ချင်းဖြစ်သူ ငါးဦးတို့ဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာ လကုန်ပိုင်း လောက်မှာ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် (၁၈) ရပ်ကွက်၊ အုန်းတောလမ်းက တိုက်ခန်း တစ်ခုကို ဆက်တူငှား နေထိုင် ခဲ့ကြပါတယ်။ နိုဝင်ဘာလ အစောပိုင်းမှာတော့ သူတို့ရဲ့ တိုက်ခန်းကို စစ်ကောင်စီတပ်တွေက ဝင်ရောက် ရှာဖွေ စီးနင်းခဲ့ပါတယ်။
“မနက် အစောကြီး ၂ နာရီလောက် ကားတွေနဲ့ ရောက်လာပြီး တံခါး ဖွင့်ခိုင်းတယ်။ သူတို့ စစ်မယ်ပေါ့။ ကျွန်တော်တို့ ကလည်း ဘာမှ မလုပ်ထားဘူး ဆိုပြီး ဖွင့်ပေးလိုက်ရော။ အဲဒီမှာ လက်နက်တွေ တွေ့ရော။ ကျွန်တော်တို့ထဲက သုံးယောက်က PDF ဆိုတာ ကျွန်တော် မသိဘူး။ ကျွန်တော်တို့ကို အခန်းမှာတင် ကျောကုန်းတွေကို ကန်၊ ပါးတွေ ရိုက်ပြီး မျက်စိတွေကို အဝတ်စည်းပြီး ဖမ်းခေါ် သွားတယ် ” လို့ အဲ့ဒီနေ့ ညက ဖြစ်စဉ်ကို ပြောပြပါတယ်။
စစ်ကောင်စီတပ်က သူတို့ကို ဘယ်ကို ခေါ်ဆောင်သွားလဲ ဆိုတာ မသိသလို ဖမ်းလာတဲ့ ခြောက်ယောက် ကိုလည်း အတူတူ မထားဘူးလို့ သိရပါတယ်။ ရောက်ရောက်ချင်း ခဏ နားပြီးတာနဲ့ တစ်ယောက်ချင်း ရိုက်နှက် စစ်ဆေးခံရပြီး အဲဒီ မနက် အစောပိုင်းမှာပဲ သူဟာ စစ်ကောင်စီ တပ်သားတစ်ယောက် ဖြစ်ဖို့ မျက်စိစုံမှိတ် ရွေးချယ် ခဲ့ရတယ်လို့ ဆိုပါတယ်။
“ရောက်ပြီး တစ်နာရီလောက် ကြာတော့ ကျွန်တော်တို့ကို တစ်ယောက်ချင်း စစ်တာပေါ့။ ရိုက်နှက် တာကတော့ ပြောမနေနဲ့။ ကျွန်တော် မျက်နှာတွေ ဖူးယောင်နေတာပဲ။ စစ်ဖိနပ်တွေနဲ့ ကန်တယ်။ ပါးရိုက်တယ်၊။ ခြေထောက်တွေကို သံပိုက်လုံးတွေနဲ့ ကြိတ်တယ်။ ဘယ်လိုမှ မခံစားနိုင်တော့ ကျွန်တော် ငိုယိုပြီး တောင်းပန်ရတာပေါ့။ အဲဒီကျတော့ အကြီးပိုင်းက ထင်တယ်။ ကျတော့်ဆီ ထလာပြီး မင်းမပါတာတော့ ငါတို့သိတယ်။ ဒါပေမယ့် မတတ်နိုင်ဘူးတဲ့။ မင်းအခုချိန် မခံနိုင်တော့ရင် လုပ်စရာ စစ်ထဲပဲ ဝင်လို့ ရမယ်တဲ့။ ကျွန်တော်လည်း အနှိပ်စက်တော့ မခံနိုင်ဘူးလေ။ ဝင်မယ်ဆိုပြီး ပြောလိုက်တယ် ”လို့ စစ်ကြောရေး အတွေ့အကြုံကို ရာဇာမြင့်နိုင်က ပြောပြပါတယ်။
စစ်ကြောရေးကနေ သူ့ကို အင်းစိန်မြို့နယ် တညင်းကုန်း ရပ်ကွက်မှာ ရှိတဲ့ အမှတ် (၁) တပ်သား စုဆောင်းရေးကို ပို့ဆောင်ပြီး အနား ယူခိုင်းတယ်လို့ သိရပါတယ်။ အဲဒီနောက် သူ့ကို စစ်ကောင်စီရဲ့ ဖောင်ကြီး ဗဟိုဝန်ထမ်း တက္ကသိုလ်ကို ပို့ဆောင်ပြီး စစ်ပညာ သင်ယူစေခဲ့ပါတယ်။
ဖောင်ကြီးက စစ်ပညာသင်တန်း ပထမနေ့မှာပဲ သင်တန်းဆရာက သင်တန်းသားတွေကို ဆန္ဒမပါပဲ လာတတ် နေရသူတွေ ရှေ့ထွက်ခိုင်းပြီး အိမ်ပြန်ပို့ပေးမယ်လို့ ပြောခဲ့တယ်လို့ သူက ဆိုပါတယ်။ အိမ်ပြန်နိုင်ဖို့ အခွင့်အရေး ရှာနေတဲ့ သူ့အတွက်တော့ မျှော်လင့်ချက်လို့ ထင်ပြီး သင်တန်းဆရာ ပြောသလို ရှေ့ကို ခပ်သွက်သွက် ထွက်ရပ် လိုက်ပါတယ်။
“သူက ဒီသင်တန်းလာတာ ဆန္ဒမပါဘဲ တတ်ရတယ်ဆိုရင် ရှေ့ထွက်ခဲ့ အိမ်ကို ပြန်ပို့ပေးမယ်ဆိုတော့ ကျွန်တော်က တကယ်ထင်ပြီး ဝမ်းသာသွားတာ။ ရှေ့ထွက်လိုက်တယ်။ ကျွန်တော်နဲ့ အတူ ခုနှစ်ယောက်လောက် ရှိတယ်။ အဲဒါနဲ့ ကျွန်တော်တို့ကို ခေါ်သွားပြီး ခြောက်ပေါက် (ထိပ်တုံး) ထဲ ခဏ ထည့်ထားတယ်။ အဲဒီနောက်က စပြီး အိပ်ချိန်ပါ မကျန် ခြေထောက်မှာ သံကြိုးနဲ့ နေခဲ့ရတယ်။ ငါးလလောက် သံကြိုးကို လုံးဝ မဖြုတ်ဘဲ နေခဲ့ရတယ် ”လို့ ပြောပြပါတယ်။
ဖောင်ကြီးမှာတော့ ကြီးနိုင်ငယ်ညှဉ်း ဖြစ်စဉ်တွေ အနိုင်ကျင့် ခံရတာတွေ ရှိခဲ့သလို အစားအသောက် အခက်အခဲတွေလည်း များစွာ ကြုံတွေခဲ့ရတယ်လို့ ဆိုပါတယ်။ ဖောင်ကြီးကနေ သင်တန်းဆင်းတော့ သူဟာ စစ်ကောင်စီရဲ့ ခလရ (၂၈၄) ကရင်ပြည်နယ် ၊ ကြာအင်းဆိပ်ကြီးမှာ လုံခြုံရေး တပ်သား ဖြစ်လာပါတယ်။
စစ်သားဖြစ်အပြီး သူဟာ မစားရက် မသောက်ရက် စုခဲ့တဲ့ ငွေအချို့နဲ့ သူလွတ်မြောက်ဖို့ အကူအညီ ရှာနိုင်မယ့် ဖုန်းအဟောင်း တစ်လုံးကို ဝယ်ယူ ခဲ့ပါတယ်။ အဲဒီကနေ ဖေ့ဘွတ်ခ် အကောင့် ကိုအောင်ကြီး ဆိုသူကို ဆက်သွယ် အကူအညီ တောင်းပြီး အခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့မှာ CDM စတင် ပြုလုပ် နိုင်ခဲ့တာ ဖြစ်ပါတယ်။
“ကျွန်တော် စစ်သား စဖြစ်လာတော့ ဖုန်းအဟောင်းလေး တစ်လုံးကို ခုနှစ်သောင်းနဲ့ ဝယ်လိုက်တယ်။ ဖုန်းတော့ သုံးလို့ရတယ်။ သူတို့ လိုက်စစ်တာတွေ ဘာတွေ မရှိဘူး။ အဲဒီမှာ အစက ကျွန်တော်နဲ့အတူ နှစ်ယောက်လည်း CDM လုပ်မလို့ပဲ။ ဒါပေမယ့် တစ်ယောက်က အိမ်ထောင် ကျသွားတယ်။ နောက်တစ်ယောက်က ခဏ စောင့်ပါဦး၊ လကုန်မှ ထွက်မယ် ဆိုတာနဲ့ ကျွန်တော်လည်း ထားခဲ့ပြီး တစ်ယောက်ထဲ ထွက်ခဲ့တယ် ” လို့ သူက ပြောပါတယ်။
ဇူလိုင်လ ၁၇ ရက်နေ့မှာ သူက ည ၁၀ နာရီ ကနေ ၁၂ နာရီအထိ တောင်ကုန်းပေါ်က ကင်းစခန်း တစ်ခုမှာ ကင်းစောင့်ဖို့ တာဝန် ကျခဲ့ပါတယ်။ သူဆက်သွယ်ပြီး အကူအညီ တောင်းထားတဲ့ ကိုအောင်ကြီး ဆိုသူက သူ့ကို ပြည်သူ့ရင်ခွင် အဖွဲ့ နဲ့ ချိတ်ပေးခဲ့ပြီး အဲဒီ အဖွဲ့ အကူအညီနဲ့ လွတ်မြောက်လာပုံကို သူက အခုလို ပြောပြပါတယ်။
“ကျွန်တော် အဲဒီညက ကင်းစောင့်ရတယ်။ ချိတ်ပေးထားတဲ့ အဖွဲ့ကလည်း ညီလေး ဘာမှ မကြောက်နဲ့၊ အကိုတို့ လာခေါ်မယ်ဆိုတော့ ကျွန်တော်လည်း အားရှိ သွားတာပေါ့။ ၁၁ နာရီခွဲလောက် ကျတော့ သူတို့လည်း အိပ်ရော ၊ ကျွန်တော် သေနတ်နဲ့ ကျည်တွေ ယူပြီး တောင်ကုန်းပေါ်ကနေ ဆင်းပြေးလာတာ။ ခြေထောက်တွေ ကွဲပြဲနေတာလည်း ဂရု မစိုက်နိုင်ဘူး။ နောက်ဆုံး ကတ်တရာ လမ်းကို မြင်လိုက်ရတော့ ကျွန်တော် နိဗ္ဗာန် ရောက်သွားသလိုပဲ။ ကျွန်တော် လွတ်လပ်ပြီလေ ” လို့ ပြောပြပါတယ်။
စစ်ကောင်စီ ကတော့ CDM အဖြစ် ထွက်ပြေးလာတဲ့ ကိုရာဇာမြင့်နိုင်ရဲ့ မိဘတွေကို ဆက်သွယ်ပြီး သားဖြစ်သူနဲ့ အဆက်အသွယ် ရ၊မရ မေးမြန်းတာတွေ ရှိတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ နှစ်က သူနဲ့အတူ ဖမ်းဆီး ခံခဲ့ရတဲ့ PDF သုံးဦးကိုတော့ စစ်တပ်က သတ်ပစ် လိုက်တယ်လို့ ကိုရာဇာမြင့်နိုင်ရဲ့ ပြောပြချက်အရ သိရပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၂ ခုနှစ် ဧပြီလအထိ CDM ဝင်လာတဲ့ CDM ရဲ ခုနှစ်ထောင်ကျော်နဲ့ CDM စစ်သား သုံးထောင်ကျော် စုစုပေါင်း (၁၀,၀၀၀) တစ်သောင်းကျော် ရှိနေပြီလို့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာန အမြဲတန်း အတွင်းဝန် ဦးနိုင်ထူးအောင်က ပြောပါတယ်။
ဒီမိုကရေစီ ဖွံ့ဖြိုး တိုးတက်ရေး လှုပ်ရှားမှု ကော်မတီက တိုက်တွန်းနှိုးဆော်သူ မသဉ္ဇာရွှန်းလဲ့ရည်ကတော့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေ CDM ဝင်လာတဲ့နှုန်းက အားကောင်း နေတယ်လို့ RFA သတင်းဌာနကို ဖြေကြား ထားပါတယ်။
“CDM လုပ်လာတဲ့ စစ်သားတွေရဲ့ ပြောစကား အရဆိုရင် စာရင်း မပေးဘဲနဲ့ CDM လုပ်နေတဲ့ သူတွေ အများကြီး ရှိတယ်။ လုံခြုံရေးအရရော နောက် ထင်ပေါပြီးတော့ မနေချင်တဲ့ အတွက် အကြောင်း မကြားဘဲ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ရှောင်တိမ်းနေတဲ့ သူတွေ အများကြီးပဲ။ အဓိကအားဖြင့် ခွင့်မဲ့ ဖြစ်နေသူ အများကြီးပဲ။ တကယ့် တကယ် စစ်ကြောင်းထွက်ပြီ ဆိုရင်လည်း စစ်သား ၁ဝဝ ဆိုရင် ဘယ်တော့မှ ၁ဝဝ မပြည့်ဘူး ဆိုတဲ့ သတင်းတွေပေါ့။ စစ်သား CDM က အခုအချိန်အထိ တဖွဲဖွဲနဲ့၊ တစ်နှစ်တာ ကြာတဲ့အထိ တဖွဲဖွဲနဲ့ ဆက်ပြီးတော့ အားကောင်းနေတယ်လို့ သုံးသပ်လို့ရတယ်” လို့ မသဉ္ဇာရွှန်းလဲ့ရည်က ဖြေထားတာပါ။
စစ်ကောင်စီတပ်ဟာ ပြည်သူတွေရဲ့ မြေတွေကို တပ်ပိုင်မြေအဖြစ် အဓမ္မသိမ်းယူတာ၊ ပြည်သူတွေ နေထိုင်တဲ့ နေရာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ အမြဲ လုပ်ဆောင်တာကို မျက်မြင် ကိုယ်တွေ့ တွေ့ခဲ့ ရတယ်လို့ ကိုရာဇာမြင့်နိုင်က ဆိုပါတယ်။ အဲဒီလိုတွေ လုပ်နေပေမယ့် စစ်တပ်ထဲမှာ ကတော့ စစ်တပ်ရဲ့ ကောင်းကြောင်းတွေကိုပဲ အမြဲ ဟောပြောနေပြီး အပြင်လောကက သတင်းတွေ ဘာမှ မသိရဘူးလို့ ပြောပါတယ်။
အေးအေးဆေး နေလိုတဲ့ ကိုရာဇာမြင့်နိုင် အတွက်တော့ CDM စစ်သားအဖြစ် ထွက်ခွာ လာနိုင်ပြီးတဲ့နောက် လက်နက်ကိုင်ဖို့ အစီအစဉ် မရှိတော့ဘူးလို့ ဆိုပါတယ်။
စီးပွားရေး တစ်ခုကို လုပ်ပြီး သူ့ရဲ့ မိဘတွေနဲ့ တော်လှန်ရေး အတွက် ထောက်ကူရင်း ဘဝကို ရိုးရိုးရှင်းရှင်း ဖြတ်သန်း သွားဖို့ကတော့ သူ့ရဲ့ အနာဂါတ်မှာ အကောင် အထည်ဖော်မယ့် အရာတစ်ခု အဖြစ် ရှိနေပါတယ်။
သံလွင်တိုင်းမ်