ကီးယက်- ဩဂုတ်(၁၃) 

ရုရှားနဲ့ ယူကရိန်းတို့က ဥရောပ အကြီးဆုံး နျူကလီးယားဓာတ်အားပေးစက်ရုံကို ပစ်ခတ်တိုက် ခိုက်ပြီး တစ်ဘက်နဲ့တစ်ဘက် စွပ်စွဲနေတဲ့အတွက် ကပ်ဘေးဖြစ်လာမှာကို စိုးရိမ်နေလို့ စစ်မဲ့ဇုန် အဖြစ် ယူကရိန်းနိုင်ငံမှာ တပ်စွဲထားတဲ့ ရုရှားစစ်တပ်ဆုတ်ခွာပေးဖို့ တောင်းဆိုထားတယ်လို့ ကုလသမဂ္ဂ အကြီးအကဲက ပြောပါတယ်။ 

ယူကရိန်းနိုင်ငံအလယ်ပိုင်းက ဇာပိုရီဇီဇီယာ နျူကလီးယားအဆောက်အုံရဲ့ ရေဒီယိုသတ္တိကြွပစ္စည်းတွေသိုလှောင်ရာ အနီးအပါအဝင် ပြီးခဲ့တဲ့ရက်ပိုင်းက ငါးကြိမ်တိုင်တိုင်တိုက်ခိုက်ခံခဲ့ရတယ်လို့ ယူကရိန်း အန်နာဂိုအက်တမ် အေဂျင်စီက ပြောဆိုခဲ့ပါတယ်။ 

ရုရှားသတင်းဌာနတစ်ခုဖြစ်တဲ့ TASS ကတော့ ယူကရိန်းတပ်တွေက စက်ရုံကို နှစ်ကြိမ်ပစ်ခတ် ခဲ့ပြီး အပြောင်းအရွှေ့ကို အနှောင့်အယှက်ဖြစ်စေခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ 

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဩဂုတ်လ(၁၁) ရက်နေ့က တွေ့ဆုံခဲ့ပြီး နောက်မှာတော့ ကုလ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က စက်ရုံအနီးက တိုက်ပွဲတွေအားလုံး ကို ရပ်တန့်ဖို့ နှစ်ဘက်လုံးကို တောင်းဆိုခဲ့ပါတယ်။ 

“အဆောက်အအုံကို မည်သည့် စစ်ရေးစစ်ဆင်ရေး၏တစ်စိတ်တစ်ပိုင်းအဖြစ် အသုံးမပြုရပါ။ ယင်းအစား နယ်မြေလုံခြုံရေးကို သေချာစေရန်အတွက် လုံခြုံစိတ်ချရသောစစ်မဲ့နယ် မြေတစ်ခု တွင် နည်းပညာအဆင့်ဖြင့် အရေးပေါ်သဘောတူညီချက်လိုအပ်သည်” လို့  ဂူတာရက်စ်ရဲ့ထုတ် ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ရုရှားဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၄) ရက်နေ့က ယူကရိန်းကို ကျူးကျော်ပြီးနောက်မတ်လမှာ  Zaporizhzhia ကိုသိမ်းပိုက်ခဲ့ပြီး တိုက်ပွဲတွေအတွင်း ရှေ့တန်းအနီးက အဲ့ဒီစက်ရုံကို ရုရှားတပ် တွေက ထိန်းသိမ်းထားပြီး ယူကရိန်းအလုပ်သမားတွေနဲ့ လည်ပတ်နေတယ်လို့ သိရပါတယ်။ 

လုံခြုံရေးကောင်စီအစည်းအဝေးမှာ အမေရိကန်က စစ်မဲ့ဇုတ်သတ်မှတ်ဖို့ တောင်းဆိုမှုကို ထောက်ခံခဲ့ပြီး နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ(IAEA) ကို အဲ့ဒီနေရာသွားရောက် ကြည့်ရှုဖို့ တိုက်တွန်းခဲ့ပါသေးတယ်။ 

ယူကရိန်း သမ္မတ ဇယ်လန်းစကီးကတော့ အဲ့ဒီ နျူကလီးယားစက်ရုံကို ယူကရိန်း ရဲ့ ထိန်းချုပ်မှု အောက်ကို ပြန်လည်ပေးအပ်ဖို့ ရုရှားကိုတောင်းဆိုထားပါတယ်။ 

“ရုရှားတွေ အပြည့်အ၀ ဆုတ်ခွာသွားရုံနဲ့ ၎င်းနေရာတစ်ဝိုက်က အခြေအနေတွေကို ထိန်းသိမ်းနိုင်မှာမဟုတ်ဘဲ ယူကရိန်း ထိန်းချုပ်မှု အပြည့်အဝ ပြန်လည်ရရှိမှသာ ဥရောပအားလုံးအတွက် နျူကလီယားလုံခြုံရေး ပြန်လည်စတင်နိုင်ဖို့ အာမခံနိုင်ပါတယ်” လို့ ဗီဒီယိုမိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။ 

ယူကရိန်းနဲ့ ရုရှားတို့က လုပ်ငန်းဆိုက်ကို တိုက်ခိုက်မှုအတွက် အပြန်အလှန်အပြစ်တင်ခဲ့ကြပြီး ရုရှားတပ်တွေက သိမ်းပိုက်ခံရတဲ့ နျူကလီးယားဓာတ်အားပေးစက်ရုံ အနီးတစ်ဝိုက်ကနေ ယူကရိန်းမြို့တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ယူကရိန်းက စွပ်စွဲထားပါတယ်။ 

“စက်ရုံအနီးရှိ ရုရှားလက်နက်ကိုင်တပ်ဖွဲ့များ၏ တည်ရှိမှုနှင့် လုပ်ဆောင်ချက်များသည် ဆိုးရွားသောအကျိုးဆက်များနှင့်အတူ မတော်တဆမှုဖြစ်နိုင်ချေကို သိသိသာသာ မြင့်တက် စေခဲ့တယ်” လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ  ဖော်ပြထားပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.