မော်လမြိုင် – ဩဂုတ်(၁၁)

မွန်တော်လှန်ရေးခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားတို့ရဲ့ ဆန္ဒဖြစ်တဲ့ စစ်မှန်သောငြိမ်းချမ်းရေး ကိုရယူပြီး လွတ်လပ်ပြီး သာတူညီမျှတဲ့ ပြည်ထောင်စုကြီးတည်ဆောက်နိုင်ရေး တိုင်းရင်းသား ညီနောင်တွေနဲ့ အတူတကွ လက်တွဲကြိုးပမ်းသွားမယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) က ကတိပြု သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

ဒီနေ့ ဩဂုတ်လ(၁၁) ရက်နေ့မှာ ကျရောက်တဲ့ (၇၅) နှစ်မြောက်မွန်တော်လှန်ရေး နေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားတာပါ။

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်း မွန်တိုင်းရင်းသားတွေဟာ မိမိတို့ ဒေသကိုယ်ပိုင်အုပ် ချုပ်ခွင့် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်၊တန်းတူအခွင့်အရေးလွတ်လပ်ခွင့်နဲ့ ကိုယ်ပိုင်ပြဌာန်း ခွင့်တွေကို အာမခံတဲ့ ခိုင်မာသော ဖက်ဒရယ်နိုင်ငံတော်သစ်ပေါ်ပေါက်လာရေးအတွက် အကောင် အထည်ဖော်ရာမှာ မွန်တော်လှန်ရေးခေါင်းဆောင်တွေဖြစ်ကြတဲ့ နိုင်ပန်းသာ၊နိုင်မောင်သိန်း ဦးဆောင်တဲ့ မွန်မျိုးချစ်လူငယ်(၂၇) ဦးဟာ ဝါခေါင်လပြည်နေ့ မနက်(၆)နာရီ(၃၀) မိနစ်မှာ ဘားအံမြို့နယ် ဇာသပြင်ကျေးရွာမှာ စတင်တော်လှန်တဲ့နေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ နှစ်စဉ် ကျင်းပခဲ့တာ ဒီနေ့ဆိုရင် (၇၅) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်တို့ကို ပြည်သူလူထုကို တရားဥပဒေမဲ့ သတ်ဖြတ်ကာ အာဏာလုယူနိုင်ရေးကြိုးပမ်းမှုကို ညီနောင်ပြည်ထောင်စုတိုင်းရင်းသားတွေနဲ့ မွန်တိုင်းရင်းသား တွေကလည်း ရဲဝင့်စွာ လက်တွဲကြိုးပမ်းဆောင်ရွက်နေတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူမိတယ် လို့ CRPH က ဖော်ပြထားပါတယ်။

မိမိတို့ရဲ့ နိုင်ငံရေးဘုံရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရေး နဲ့ ပြည်ထောင်စုတိုင်းရင်းသားအားလုံးအတွက် တန်းတူအခွင့်အရေး အာမခံချက်ပြည့်ဝတဲ့ ပြည်ထောင်စုကြီးကိုကြိုးပမ်းတည်ဆောက်သွားဖို့ အတွက် အားလုံးညီညွတ်စွာ အကောင် အထည်ဖော်သွားရမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် လက်ရှိတော်လှန်ရေး အောင်မြင်ရေး၊ ကြားကာလတည်ဆောက်ရေးနဲ့ အနာဂတ်ဖက်ဒ ရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရေးတို့မှာ တော်လှန်ရေး၊နိုင်ငံရေးအင်အားစု အားလုံးက မတူကွဲပြားတဲ့ သဘောထားအမြင်တွေကို ပေါင်းစည်းပြီး သာလွန်အင်အားနဲ့ ပေါင်းစည်းဆောင်ရွက်သွားကြဖို့ အရေးကြီးတယ်လို့ လည်း ဖော်ပြထားပါတယ်။

ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) က ဒီနေ့မှာ ကျရောက်တဲ့ (၇၅) နှစ်မြောက် မွန်တော်လှန်ရေး နေ့မှာ မွန်တိုင်းရင်းသားတွေနဲ့ ပြည်ထောင်စု တိုင်းရင်းသား အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကပ်ကြီး(၃) ပါးကျော်လွှားနိုင်ပါစေလို့လည်း ဆုတောင်းပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.