မော်လမြိုင် ၊ သြဂုတ် (၁၁)

စိုက်ပျိုးရေးလုပ်ငန်းတွေကို နိုင်ငံတော် ငွေကြေး စိုက်ထုတ်ပြီး လိုအပ်တဲ့ သွင်းအားစုတွေ ရရှိအောင် ဆောင်ရွက် ပေးသွားမယ်ဆိုတဲ့ စစ်ခေါင်းဆောင်ရဲ့ ပြောဆိုမှုဟာ လက်တွေ့ ဖြစ်လာမှာ မဟုတ်ဘူးလို့ စိုက်ပျိုးရေးလုပ်ငန်းရှင်နဲ့ တောင်သူတွေက ဝေဖန်လိုက်ပါတယ်။

အာဏာသိမ်း စစ်ခေါင်ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကျပ်ဘီလီယံ ၄၀၀ ကို သီးသန့် ရန်ပုံငွေ ထူထောင်ပြီး ပထမ ဦးစားပေးအနေနဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေမှာ အသုံးပြု သွားမယ်လို့ ပြီးခဲ့တဲ့ သြဂုတ် ၉ ရက်နေ့မှာ ပြောဆိုလာတာ ဖြစ်ပါတယ်။

စစ်ခေါင်ဆောင်းရဲ့ ပြောဆိုမှုဟာ အရင် စစ်အစိုးရလက်ထက်တွေတုန်းက လုပ်ဆောင်ခဲ့တဲ့ လုပ်ငန်းစဉ်တွေသာ ဖြစ်ပြီး လက်တွေ့မှာတော့ တောင်သူတွေ လက်ထဲ အကူအညီတွေ ရောက်ရှိလာတာ မဟုတ်တဲ့အတွက် အခုကိစ္စရပ်ကလည်း ဖြစ်လာမှာ မဟုတ်ဘူးလို့ စိုက်ပျိုးရေး လုပ်ငန်းရှင်တစ်ဦးက ဝေဖန်လိုက်ပါတယ်။

“ယခင်က ကျွန်တော်တို့ (၂၀၁၀) မကျခင်က (၂၀၀၄) (၂၀၀၅) (၂၀၀၆) (၂၀၀၇)မှာ ဒီစနစ်တွေ နွေစပါး စိုက်လို့ရှိရင် ဆီက ဘယ်နှစ်ဂါလံ ပေးမယ်၊ ဘယ်လို ဘယ်ညာ ရှိတယ် ဒါပေမယ့် တကယ့်လက်တွေ့ အကောင်အထည် မဖော်လာကြဘူး၊ တောင်သူ လက်ထဲကို တစ်ခုမှ မရောက်လာဘူး၊ ပေးတယ် ဆိုလို့ရှိရင်လည်း တကယ်တန်းကျတော့ နီးစပ်ရာတွေ ဘာတွေ ညာတွေ နဲ့ဆိုတော့ ပေးတယ်ဆိုရင်တော့ နီးစပ်ရာ မရောက်သွား ဖို့ဘဲ အရေးကြီးတယ်၊ လမ်းထဲမှာ လမ်းတဝက်မှာ နိုင်ငံတော်က ပေးတယ် တခါ ပြည်နယ်နဲ့ တိုင်း ပြီးလို့ရှိရင် ခရိုင်၊ ခရိုင်ကနေ မြို့နယ်၊ မြို့နယ်ကနေ ရပ်ကျေး အုပ်စုဆိုတော့ ဒါပေမယ့်လည်း မရောက်လာတာ ခက်တယ်၊ ကြားပဲကြားဖူးတယ်၊ လက်တွေ့ အကောင်အထည် မဖော်လာတာက ခက်တယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် တောင်သူတွေကို နိုင်ငံတော် ငွေကြေး စိုက်ထုတ်ပြီး ကူညီပေးမယ်လို့ ပြောဆိုနေပေမယ့် ဘယ်လို စနစ်မျိုးနဲ့ ဆောင်ရွက်ပေးမှာလဲဆိုတာနဲ့ ဘယ်လို အကျိုးအမြတ် ရရှိအောင် ဆောင်ရွက်ပေးမယ် ဆိုတဲ့ တိကျတဲ့ မူဝါဒတွေ မရှိတာကြောင့် လက်တွေ့ မဖြစ်နိုင်ဘူးလို့ သုံးသပ်ကြတာပါ။

တောင်သူတစ်ဦးကလည်း စစ်ကောင်စီရဲ့ ပြောဆိုမှုဟာ သွင်းအားစု ကုန်ပစ္စည်းတွေ ဈေးနှုန်း အဆမတန် မြင့်တက်နေတဲ့အတွက်ကြောင့် ဖြစ်လာမှာ မဟုတ်သလို တောင်သူတွေအနေနဲ့ အကျိုးအမြတ် ရရှိမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“တကယ်လို့ လုပ်ပေးမယ်ဆိုရင် ကျွန်တော်တို့ အတွက် အကျိုးအမြတ်ဆိုတာ သူတို့ရဲ့ လက်ရှိ ကုန်ဈေးနှုန်းနဲ့ သွင်းအားစုနဲ့ သွင်းမယ်ဆိုရင် သူတို့ အကျိုးအမြတ် ကျွန်တော်တို့ကို ပေးမယ်ဆိုရင် ကျွန်တော်တို့ အတွက်ဘာမှ အကျိုးအမြတ် မရှိပါဘူး၊ မရှိလောက်ဘူး ထင်တယ်၊ ကျွန်တော်တို့ ပင်ပန်းတာပဲ အဖတ်တင်မယ်၊ လက်ရှိ စိုက်ထားတဲ့ စပါးတွေတောင်မှ သူ့အလိုအလျောက် သီးတောင်မှ ကျွန်တော်တို့ အတွက် စပါး အနည်းဆုံး တစ်ဧက ကိုတော့ (၃) (၄)သောင်းလောက် အမြတ်ရှိမယ်လို့ ကျွန်တော်တွက်ထားတယ်၊ သူတို့ ပံပိုးမှု ဆိုတာ မဖြစ်နိုင်သေးဘူးလို့ ကျွန်တော်ထင်တာပဲ”လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်ခေါင်ဆောင်ကတော့ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးရေးအတွက် တောင်သူတွေ လိုအပ်နေတဲ့ ဓာတ်မြေဩဇာ၊ မျိုစေ့ အပါအဝင် စက်သုံးဆီတွေ ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ပြီး ထွက်ရှိလာတဲ့ စိုက်ပျိုးရေးထွက်ကုန်တွေကလည်း စစ်ကောင်စီက ဦးဆောင်ပြီး ပြည်ပနိုင်ငံတွေထံ တင်ပို့ခွင့်ရအောင် ကူညီပေးသွားမယ်လို့ ဆိုပါတယ်။

တောင်သူ တစ်ဦးကလည်း စစ်ကောင်စီက တောင်သူတွေကို ကူညီပေးမယ်ဆိုတာ မဖြစ်နိုင်သလို လက်ရှိ သွင်းအားစုတွေ ဈေးနှုန်း မြင့်တက် နေတာကြောင့် အခက်အခဲ ရှိနေပြီး မိသားစု စားဖို့လောက်သာ လုပ်ဆောင်နေရတယ်လို့ တောင်သူ တစ်ဦးက ပြောပါတယ်။

“သူတို့ အရင်းအနှီး ထုတ်ပေးမယ် တောင်သူတွေ ဆိုတာ ကျွန်တော် ထင်ပါတယ် မဖြစ်နိုင်ပါဘူး၊ လက်ရှိ အနေအထားက ကျွန်တော်တို့ တောင်သူတွေလည်း သွင်းအားစုတွေ များတဲ့ အပေါ်မှာ ထွက်နှုန်းတွေ ကျမယ်၊ တောင်သူတွေလည်း အကျိုး ပိုယုတ်မယ်၊ အကျိုးအမြတ်မရှိဘူး၊ ဒါပေမယ့် တောင်သူ တွေက ဒါပဲ လုပ်တက်တဲ့ အခါကျတော့ အကျိုးအမြတ် မရှိလည်းဘဲ ကိုယ့်ရဲ့ မိသားစု စားဖို့တော့ လုပ်နေရမှာဘဲလေ၊ ဒီထက် ဆိုးလာရင်တော့ နောက်ပိုင်း လုပ်ငန်း တစ်ခုဆိုတာ ဘယ်သူမှ အရှုံးခံပြီးတော့ မလုပ်ဘူး၊ ရှုံးလာတဲ့ တစ်နေ့ကျရင်တော့ ကိုယ့်မိသားစု အတွက်ကတော့ ဥပမာပေါ့ ကျွန်တော်လယ် (၁၀)ဧက ရှိတယ်ဗျာ၊ (၁၀)ဧကလုံး လုပ်ရင် ကျွန်တော် အတွက် အမြတ်မရှိဘူး ဆိုရင် ကျွန်တော် မိသားစု စားဖို့အတွက် (၁)ဧကလောက် လုပ်ချင် လုပ်မှာပေါ့”လို့ ဆိုပါတယ်။

စိုက်ပျိုးရေးကို အခြေခံတဲ့ မြန်မာနိုင်ငံဟာ စစ်တပ် အာဏာသိမ်းပြီးနောက် သွင်းအားစု ဓာတ်မြေသြဇာ၊ စက်သုံးဆီ အပါအဝင် အထွေထွေကုန်ကျစရိတ် အဆမတန် မြင့်တက်နေတဲ့အတွက်ကြောင့် တောင်သူအများစု အကျပ်အတည်းနဲ့ ရင်ဆိုင်နေရသလို တချို့ စိုက်ပျိုးလုပ်ငန်းတွေဆိုရင် ကုန်ကျစရိတ် သက်သာစေမယ့် ကြဲခင်းစနစ်တွေကိုပါ ပြောင်းလဲ လာရတာ ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် အခက်အခဲအမျိုးစုံရင်ဆိုင်နေရတဲ့ စိုက်ပျိုးရေးကဏ္ဍကို အာဏာသိမ်း စစ်ခေါင်းဆောင်ကတော့ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်သွားမယ်လို့ ကြုံဝါးနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.