တောင်ကုတ်- ဩဂုတ်(၃)

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ မြန်မာ့သစ်လုပ်ငန်း ဆင်ဝိုင်းမှာ ဇူလိုင်လ(၂၃) ရက်နေ့ မနက်ပိုင်းက မွေးဖွားခဲ့တဲ့ ဆင်ဟာ ဆင်ဖြူတော် ကြန်အင်လက္ခဏာ(၇) ချက်နဲ့ ကိုက်ညီတဲ့အတွက် ဆင်ဖြူတော် အဖြစ် သတ်မှတ်လိုက်တယ်လို့ အာဏာသိမ်းစစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။ ဆင်ဖြူတော်ဟာမျက်လုံးပုလဲရောင်၊ငှက်ပျောကိုင်းသဏ္ဍာန်ကျောကုန်း၊အဖြူကဲသို့သောအမွှေးရောင်၊ အမြီးမှာ တခါးပိတ်လက်ပါးပုံ သဏ္ဍာန်၊အရေပြားဩဇာကွက်၊ အသာအရေ ပန်းရောင်၊ခြေဖဝါမှာ ရှေ့နောက်ခြေသည်း(၅) ခုစီ ပါပြီး နားရွက်မှာ နားကြီးခြင်းတို့ ရှိရမှာဖြစ်တဲ့ အချက်(၈) ချက်ပါရမှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ မွေးဖွားခဲ့တဲ့ ဆင်ဟာ မျက်လုံးပုလဲရောင်ဖြစ်တာ၊ကျောကုန်းမှာ ငှက်ပျောကိုင်း သဏ္ဍာန်ဖြစ်တာ၊အမွှေးဖြူတာ၊ အမြီးတံခါးပိတ်ဖြစ်တာ၊အရေပြား ဩဇာကွက်ဖြစ်တာ၊ အသားရေ ပန်းရောင်ဖြစ်တာနဲ့ ရှေ့ခြေသည်း(၅) ခုစီနဲ့ နောက်ခြေသည်း(၄) ခုစီပါဝင်တာ၊နားကြီးတာ တို့ ကြောင့် ဆင်ဖြူတော်အဖြစ်သတ်မှတ်လိုက်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ “ ဘုရင်ရူးနေတဲ့ လူတွေက ဘယ်ကဟာတွေဘယ်လိုစွဲထုတ်လာမှန်းမသိဘူး သူတို့ လက်ထက်မှာဆို ရင် တိုင်းပြည်ရတနာရတယ်။ ဆင်ဖြူပေါ်တယ်။ ပြီးရင်ဘုရားတည်ဖို့လုပ်မယ်။ ပြည်သူတွေကို ဟိုးအရင်နှစ်(၂၀)ကျော်ကလို ရိုးသားပြီးနုံအတယ်ထင်နေကြတာ အဲ့ဒီစစ်အာဏာရူးတွေက” လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။ အရင်က မြန်မာနိုင်ငံမှာ ပေါ်ခဲ့တဲ့ ဆင်ဖြူတော်(၉) စီးမှာ ပထမဆုံးပေါ်ထွန်းခဲ့တဲ့ ဆင်ဖြူတော် (၁) စီးသာ ကြန်အင်လက္ခဏာ(၇) ချက်နဲ့ ကိုက်ညီတာဖြစ်ပြီးကျန်တဲ့ ဆင်ဖြူတွေဟာ အများဆုံး (၆) ချက်သာ ကိုက်ညီတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အာဏာသိမ်းစစ်ကောင်စီလက်အောက်မှာ မွေးဖွားခဲ့တဲ့ ဆင်ဖြူဟာ အသက်(၁၀) ရက်သာမှာ အမြင့်ပေ(၂) ပေ(၅) လက်မခွဲနဲ့ ကိုယ်အလေးချိန် (၁၉၀) ပေါင်ရှိလာပြီး မိခင်ဆင်မကြီးနဲ့အတူ ကျန်းမာပျော်ရွှင်စွာ နေထိုင်နေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.