ရန်ကုန် ၊ သြဂုတ် (၂)

အာဏာသိမ်း စစ်ကောင်စီက အရေးပေါ်ကာလ သက်တမ်းထပ်တိုးကြောင်း ကြေညာတာဟာ စစ်အုပ်စု အာဏာတည်မြဲရေးအတွက် ကြိုးပမ်းဖို့ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေနဲ့ ဝါရင့်နိုင်ငံရေးသမားတွေက ဝေဖန်လိုက်ပါတယ်။ပြည်သူတွေ မဲပေးရွေးချယ်ခဲ့တဲ့ အရပ်သားအစိုးရကို ဖြုတ်ချပြီး နိုင်ငံတော်အာဏာကို သိမ်းယူခဲ့တဲ့ စစ်ကောင်စီက အရေးပေါ် ကာလကို ၆ လ သက်တမ်းထပ်တိုးကြောင်း ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။စစ်ကောင်စီကတော့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၂၅ နဲ့အညီ အရေးပေါ်ကာလကို ၆ လ သက်တမ်းထပ်တိုးဖို့ တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။အရေးပေါ်ကာလ သက်တမ်းတိုးမှုဟာ လာမယ့် ၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပပြီး စစ်ကောင်စီ လိုလားတဲ့ အရပ်သားအစိုးရဖြစ်ဖို့ ကြိုးပမ်းတာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦသန်းစိုးနိုင်က ဝေဖန်လိုက်ပါတယ်။“အဲဒီတော့ ၂၀၂၃ ခုနှစ်မှာ မုချ သူတို့အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုအပ်သလို ပြင်ဆင်ပြီးတော့ သူတို့ လိုလားတဲ့ အရပ်သားအစိုးရအဖွဲ့ တက်အောင် ကြိုးပမ်းမယ့်သဘောပါပဲ။အဲဒီ အရပ်သားအစိုးရအဖွဲ့ကနေပြီးတော့ သမ္မတနေရာကို ရွေးချယ်တဲ့အခါမှာ အဖြစ်နိုင်ဆုံးကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သူယုံကြည်စိတ်ချရတဲ့ တစ်ယောက်ကို (တပ်မတော်) တပ်လွှဲအပ်ပြီးတော့ နိုင်ငံတော်သမ္မတအဖြစ်နဲ့ တိုင်းပြည်ကို ဆက်လက်အုပ်ချုပ်သွားဖို့ ရည်ရွယ်ပြီးတော့ စီစဉ်ဖန်တီးနေတဲ့ ဇာတ်ကွက်ပဲ ဖြစ်ပါတယ်”လို့ သူက ဆိုပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်အရ စစ်ကောင်စီဟာ အရေးပေါ်ကာလကို သက်တမ်း တစ်နှစ်ယူနိုင်ပြီး လိုအပ်ရင် နောက်ထပ် သက်တမ်း ၆ လ နှစ်ကြိမ် တိုးယူခွင့် ရှိတယ်လို့ ဖော်ပြထားပါတယ်။ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ပြီး အာဏာသိမ်းယူတဲ့ စစ်ကောင်စီဟာ ဒီတစ်ကြိမ် သက်တမ်းတိုးယူမှုဟာ နောက်ဆုံးအကြိမ်ဖြစ်ပြီး လာမယ့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးကတော့ အရေးပေါ်ကာလ သက်တမ်ထပ်တိုးတာဟာ နိုင်ငံရေးမှာ တပ်မတော်အနေနဲ့ ပါဝင်လို့ ရတဲ့ အနေအထားတစ်ခုကို မရ ရအောင် ထိန်းသိမ်းဖို့ လုပ်ဆောင်တာ ဖြစ်တယ်လို့ ဖြစ်တယ်လို့ မှတ်ချက်ပြုပါတယ်။“အဓိက သူ (စကစ) ကြိုးစားနေတဲ့ ကိစ္စက အာဏာတည်မြဲဖို့အတွက် အထူးသဖြင့် နိုင်ငံရေးထဲမှာ တပ်မတော်ရဲ့ ဆုံးဖြတ်ခွင့် အာဏာ၊ နိုင်ငံရေးထဲမှာ စစ်တပ်အနေနဲ့ ပါဝင်လို့ ရနေတဲ့ အနေအထားတစ်ခုကို သူ (စကစ) မရ ရအောင် ထိန်းသိမ်းဖို့အတွက် ဆန္ဒရှိနေတယ်။အဲဒီအတွက် သူလုပ်လို့ရတဲ့ဟာ အကုန်လုံး လုပ်မယ်”လို့ သူက သံလွင်တိုင်းမ်ကို ပြောပါတယ်။အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ နိုင်ငံတဝန်း အထွေထွေရွေးကောက်ပွဲကျင်းပဖို့ အချိန်လိုအပ်တဲ့အတွက် အရေးပေါ်ကာလ သက်တမ်းထပ်းတိုးရတာလို့ ဆိုထားပါတယ်။စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်ကတော့ အရေးပေါ်ကာလပြဌာန်းချက်တွေ ဆောင်ရွက်ပြီးရင် လာမယ့် ၂၀၂၃ မှာ အချိုးချ ကိုယ်စားပြုစနစ် (PR) နဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ရပ် ကျင်းပပေးမယ်လို့ စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲတွေမှာ အမြဲလိုလို ပြောဆိုခဲ့တာပါ။စမ်းချောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုဦးကတော့ စစ်ကောင်စီအနေနဲ့ ပြည်သူတွေ မဲပေးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ရလဒ်ကိုသာ အသိအမှတ်ပြုရမယ်လို့ ပြောပါတယ်။“စစ်ကောင်စီကနေပြီး တရားမဝင် ခန့်အပ်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်အောက်မှာ ရွေးကောက်ပွဲအသစ်တစ်ရပ်ကို လုပ်မယ်ဆိုပြီးတော့ ပြောနေတဲ့စကားက အင်မတန် ရီစရာကောင်းတဲ့ ပြက်လုံးတစ်ခုလိုပါပဲ။ဒါ နိုင်ငံတကာကို စော်ကားရုံမက ပြည်သူတွေကို စော်ကားရုံ မကဘူး၊ အမြော်အမြင်နည်းတာလည်း အင်မတန်ရောက်ပါတယ်။ပြည်သူတွေ တစ်ခဲနက် မဲပေးထားတဲ့ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကိုသာလျှင် အသိအမှတ်ပြုရမယ်ဆိုတာကို စစ်ကောင်စီကို ကျွန်တော် ပြောချင်ပါတယ်”လို့ သူက သံလွင်တိုင်းမ်ကို ပြောပါတယ်။နိုင်ငံတဝန်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အပါအဝင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ အရှိန်အဟုန် ပြင်းထန်နေပြီး မြို့တွင်း ပြောက်ကျားစစ်ဆင်ရေးတွေလည်း ခပ်စိတ်စိတ် ဖြစ်ပွားနေတာပါ။ဒီအခြေအနေမှာ စစ်ကောင်စီက ရွေးကောက်ပွဲကို ထွက်ပေါက်အနေနဲ့ အသုံးပြုပြီးဖြေရှင်းမယ်ဆိုရင် နိုင်ငံရေးပြဿနာဟာ ပိုဆိုးလာဖို့ ရှိတယ်လို့ ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ဦးဖေသန်းက မှတ်ချက်ပြုပါတယ်။“PR စနစ်နဲ့ လုပ်မယ့် ရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ် ပိုပြီး ခိုင်မာအောင် လုပ်တဲ့ ရွေးကောက်ပွဲမျိုးပဲ ဖြစ်တယ်။ရလဒ်က အဲဒီလိုပဲ ဖြစ်တယ်။ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင်တော့ နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းနဲ့ မဖြေရှင်းဘဲနဲ့ ရွေးကောက်ပွဲကို ထွက်ပေါက်တစ်ခုအနေနဲ့ အသုံးပြုပြီးတော့ ဒီအကြပ်အတည်းကို ကျော်လွှားမယ်ဆိုရင်တော့ နိုင်ငံရေးပြဿာနာတွေကတော့ ဒီနိုင်ငံမှာ အဲဒီအတိုင်းပဲ ရှိနေဦးမယ်။ပို ပိုပြီးတော့ ဆိုးလာဖို့ပဲ ရှိတယ်”လို့ သူက ဆိုပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ နိုင်ငံရေးပါတီတွေအနေနဲ့ အာဏာရှင်ရဲ့ထွက်ပေါက်ဖြစ်တဲ့ ၂၀၂၃ အထွေထွေရွေးကောက်ပွဲကို လုံးဝ မပါဝင်ကြဖို့နဲ့ ပြည်သူ့တော်လှန်ရေး ကြန့်ကြာစေမယ့် လုပ်ဆောင်မှုတွေကို ဆန့်ကျင်ကြဖို့ ပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.