မော်လမြိုင် ၊ သြဂုတ် (၂)

မွန်ပြည်နယ်မှာ အနယ်နယ်အရပ်က ဝင်ရောက်လာတဲ့ ကြက်သွန်နီတွေဟာ တစ်ပိဿာကို ကျပ် ၂၀၀၀ ကျော်ထိ ဈေးနှုန်း ၂ ဆ ကျော် မြင့်တက်လာတယ်လို့ ပွဲရုံလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ပြီးခဲ့တဲ့ ဇွန်လက တစ်ပိဿာ ကျပ် ၉၀၀ လောက်သာ ရှိခဲ့တဲ့ ကြက်သွန်နီဈေးနှုန်းဟာ ဇူလိုင် နောက်ဆုံးအပတ်ကစပြီး တစ်ပိဿာကို ကျပ် ၂၀၀၀ ကျော်ထိ ဈေးနှုန်း မြင့်တက်လာတာ ဖြစ်ပါတယ်။ကြက်သွန်နီ ဈေးနှုန်းဟာ စစ်တပ် အာဏာသိမ်းပြီးနောက် စိုက်ပျိုးသူ နည်းပါးလာတာ၊ စိုက်ပျိုးရေးသုံး သွင်းအားစုတွေနဲ့ သယ်ယူပို့ဆောင်ရေးစရိတ် ကြီးမြင့်နေတာကြောင့် ဈေးနှုန်း မြင့်တက်လာတာ ဖြစ်တယ်လို့ ပွဲရုံလုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။“ဈေးတက်တာ ကျတော့ ဒီနှစ်က စိုက်အား လျော့တာရယ်၊ တောင်သူတွေက ဒီနှစ် သိပ်မစိုက် ကြဘူး၊ မစိုက် ကြဘဲနဲ့ ဒီမြေဩဇာဈေးတွေ မြင့်တာရယ် အဲ့တာတွေ ကြောင့်ပဲ၊ ပို့ဆောင်ကုန်ခ တွေလည်း တက်တယ်၊ အဲ့တာတွေလည်း ပါတာပေါ့၊ နည်းနည်း တက်တယ် သူတို့လည်း၊ ပြီးရင် ဓာတ်ဆီတွေ ဈေးများတော့ ကားခလည်း တက်တော့ အဲ့ဒီမှာတင် အကုန်လုံး လိုက်တက်တယ်”လို့ ဆိုပါတယ်။ကြက်သွန်နီဈေးနှုန်း မြင့်တက်လာတာကြောင့် အရင်လို ဝယ်ယူ စုဆောင်တာ မရှိသလောက် နည်းပါးနေပြီး ဈေးကွက်အတွင်း အရောင်းအဝယ် အေးနေတယ်လို့ သူက ဆိုပါတယ်။အရင်က ပြည်တွင်းမှာ ကြက်သွန်နီဈေးနှုန်း မြင့်တက်ရင် တရုတ်ကြက်သွန်နီတွေကို တင်ပို့ ရောင်းချခဲ့ပေမယ့် အခုအခါမှာတော့ တရုတ်ငွေကြေးဖြစ်တဲ့ ယွမ်ဈေးနှုန်းလည်း မြင့်တက်တဲ့အတွက် တရုတ် ကြက်သွန်နီ တင်သွင်းမှု မရှိတော့ဘူးလို့ ပွဲရုံ လုပ်ငန်းရှင်တွေက ဆိုပါတယ်။ပွဲရုံလုပ်ငန်းရှင်တွေ အဆိုအရ နှစ်ဖက်တိုက်ပွဲတွေကြောင့် မြန်မာပြည်အလယ်ပိုင်းဒေသမှာ ကြက်သွန်နီစိုက်ပျိုးမှု သိသိသာသာ ကျဆင်းလာတဲ့အတွက် လာမယ့်လတွေအတွင်း ဈေးနှုန်း ထပ်မံ မြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။မွန်ပြည်နယ်မှာတော့ ကြက်သွန်နီတွေကို မုံရွာ၊ ဆိပ်ဖြူ၊ မလှိုင်၊ မြစ်သာ၊ မိတ္ထီလာနဲ့ မြင်ခြံမြို့နယ်တွေကနေ အဓိက တင်သွင်းရောင်းချနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.