မုံရွာ – ဩဂုတ်(၁)

စစ်ကိုင်းတိုင်းမုံရွာမြို့က သပိတ်ဦးဆောင်သူ ကိုဝေမိုးနိုင်အပါအဝင် စစ်အာဏာရှင်ဆန့်ကျင် တော်လှန်နေသူတွေကို သတင်းပေးဖမ်းခိုင်းတဲ့ စည်ပင်အရာရှိတစ်ဦးကို ပစ်ခတ်ရှင်းလင်း ခဲ့တယ်လို့ မြန်မာ့တော်ဝင်နဂါးတပ်တော် မုံရွာတပ်ခွဲ PGF က သတင်းထုတ်ပြန်ထားပါတယ်။ ဒီနေ့ ဩဂုတ်လ(၁) ရက်နေ့ မနက်(၇) နာရီမှာ စည်ပင်အရာရှိ ဦးသုခ ဆိုသူကို မုံရွာမြို့ ချမ်းမြသာစည်ရပ်ကွက်အတွင်း ပစ်ခတ်ခဲ့တာပါ။ စစ်ကောင်စီသတင်းပေး စည်ပင်အရာရှိဟာ ကိုဝေမိုးနိုင်ကို ကားနဲ့ တိုက်ဖမ်းဆီးခံရေအောင် သတင်းပေးတာ၊ တော်လှန်ရေးရဲဘော်တွေဖမ်းဆီးခံရအောင်သတင်းပေးတာအပြင် ပျူစောထီး အဖွဲ့ဝင်တစ်ဦး ဖြစ်နေတဲ့အတွက် သုတ်သင်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ PGF ရဲ့ ထုတ်ပြန် ချက်မှာဖော်ပြထားပါတယ်။ ဒီနေ့ မနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်း မုံရွာမြို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေ ကင်းလှည့် နေပြီး စစ်ဆေးတာတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။ စစ်ကောင်စီသတင်းပေး ဦးသုခဟာ သေဆုံးသွားပြီလို့ သတင်းတွေထွက်ပေါ်နေပြီး ဒီအခြေ အနေ အသေးစိတ်ကို မြန်မာ့တော်ဝင်နဂါးတပ်တော် မုံရွာတပ်ခွဲ PGF ကို သံလွင်တိုင်းမ် က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

သတင်း – သံလွင်တိုင်းမ် ဓာတ်ပုံ – CJ(မုံရွာမြို့ပုံဟောင်း)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.