မြဝတီ ၊ ဇူလိုင်(၃၁)

ကရင်ပြည်နယ်မြဝတီ-ဝေါ်လေ ကားလမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ကော်ဘရာစစ်ကြောင်းဦးစီးတဲ့ တော်လှန်ရေးအင်အားစုတွေ နေ့စဥ်လိုလို ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ကော်ဘရာစစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ(၇) ရက်နေ့ကစပြီး ကရင်အမျိုးသားအစည်းအရုံ တပ်မဟာ(၆) ထိန်းချုပ် နယ်မြေဖြစ်တဲ့ မြဝတီ-ဝေါ်လေ ကားလမ်းမရဲ့ သုံးထပ်ကွေ့ တောင်ကြောဒေသမှာ စစ်ကောင်စီက နယ်မြေကျူးကျော်ဖို့ ကြိုးစားလာတာကြောင့် တိုက်ပွဲစတင်ခဲ့တာ ဖြစ်ပါတယ်။ဒီရက်ပိုင်းအတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ ကော်ဘရာစစ်ကြောင်းဘက်က တစ်ဦးကျဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိထားတယ်လို့ ဆိုပါတယ်။ ။“ သုံးထပ်ကွေ့ ဖလူးဒေသမှာ တိုက်ပွဲတွေ ဖြစ်နေတယ် ။ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေလည်း ရှိတယ်။ အခုက တပ်အသစ်လဲပြီး ကျုးကျော်ဖို့ ကြိုးစားလာတာကြောင့် မြဝတီ – ဝေါ်လေ ကားလမ်းပိုင်းမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာဖို့ ရှိပါတယ်” လို့ ကော်ဘရာစစ်ကြောင်း တာဝန်ရှိသူတွေက ဆိုပါတယ်။ဇူလိုင်လ(၂၄) ရက်နေ့ကနေ (၂၉) ရက်နေ့အထိ မြဝတီ-ဝေါ်လေ ကားလမ်းမရဲ့ သုံးထပ်ကွေ့ တောင်ကြောနေရာတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ကော်ဘရာစစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲ အနည်းဆုံး(၄) ကြိမ်အထိဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦး အပါအဝင်(၄) ဦးသေဆုံးကာ (၇) ဦးဒဏ်ရာ ပြင်းထန်ခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ဆိုပါတယ်။ ဒါ့အပြင် မြဝတီ-ဝေါ်လေကားလမ်းမပေါ်မှာရှိတဲ့ ဥကရစ်ထစခန်းအနီး ရွှေအေးမြိုင် ကျေးရွာ ဘက်မှာလည်း စစ်ကြောင်းထိုလာတဲ့ စစ်ကောင်စီတပ်နဲ့ VENOM စစ်ကြောင်း ပူးပေါင်း အဖွဲ့ တို့ကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီ တပ်ဖွဲမှူးတစ်ဦး အပါအဝင် (၁၀) ဦးကျော် သေဆုံးခဲ့သလို ဒဏ်ရာရရှိသူတွေ များပြားခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.