ကီးယက် – ဇွန်(၂၄) 

ရုရှားတပ်ဖွဲ့တွေက ယူကရိန်းဓာတ်ပုံဆရာ မက်ခ်စင်လီဗင်ကို ကိယက်ဗ်မြို့မြောက်ဘက်မှာ သူ့ရဲ့ သူငယ်ချင်းနဲ့အတူ ပြီးခဲ့တဲ့ မတ်လ(၁၃) ရက်နေ့က သွေးအေးစွာကွပ်မျက်လိုက်တယ်လို့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF)ရဲ့ ဇွန်လ(၂၂) ရက်နေ့ထုတ်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ လီဗင်ဟာ ၁၉၈၁ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ၂၀၁၃ ခုနှစ်တည်းက ရိုက်တာသတင်းဖော်ပြမှုတွေမှာ ရံဖန်ရံခါပါဝင်ခဲ့ပြီး သူဟာ မတ်လ(၁၃) ရက်နေ့မှာ ပျောက်ဆုံး သွားခဲ့ပြီး အဲ့အဒီနေ့မှာပဲ ကွပ်မျက်ခံလိုက်ရတာဖြစ်တယ်လို့ RSF က ထုတ်ပြန်ထားတာပါ။ 

အစီရင်ခံစာရဲ့ ကောက်ချက်တွေကို ရိုက်တာအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပဲ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ မှတ်ချက်ပေးဖို့ တောင်းဆိုတာနဲ့ ပတ်သက်ပြီး တုံ့ပြန်တာ မရှိသေးပါဘူး။

“သူ့ရဲ့ သေဆုံးမှုဟာ သတင်းစာပညာလောကအတွက် ကြီးမားသောဆုံးရှုံးမှုတစ်ခုဖြစ်ပြီး ယခုလိုခက်ခဲသောအချိန်မှာ သူ့မိသားစုနှင့်အတူ ကျွန်ုပ်တို့ ရှိနေပါတယ်” လို့ လီဗင်နဲ့ပတ်သက် ပြီး ရိုက်တာမန်နေဂျင်းဒါရိုက်တာ ဂျွန်ပူးလ်မန်းက ဧပြီလမှာ ပြောခဲ့ပါတယ်။ 

ပစ်ခတ်ခံရတဲ့ ကျည်ဆန်ရာတွေနဲ့ လီဗင်ရဲ့ မီးလောင်ထားတဲ့ ကားအပါအဝင် အခင်းဖြစ်ပွားရာ နေရာက အထောက်အထားတွေကို စစ်ဆေးခဲ့ပြီး ဧပြီလ(၁) ရက်နေ့မှာ လီဗင်နဲ့ သူ့ သူငယ်ချင်းရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ RSF က ပြောပါတယ်။ 

လီဗင်ရဲ့ သူငယ်ချင်းဖြစ်သူရဲ့ ရုပ်အလောင်းအနေအထားနဲ့ တခြားသော အထောက်အထားတွေ အရ သူဟာ အရှင်လတ်လတ်မီးရှို့ခံခဲ့ရပြီး လီဗင်ကတော့ သေနတ်တစ်ချက်ဒါမှမဟုတ် နှစ်ချက် နဲ့ အနီးကပ်အကွာအဝေးက ပစ်သတ်ခံရတာကြောင့် သေဆုံးသွားဖွယ်ရှိတယ်လို့ အစီရင် ခံစာမှာ ဖော်ပြထားပါတယ်။ 

RSF ဟာ မေလ(၂၄) ရက်နေ့ကနေ ဇွန်လ(၃) ရက်နေ့အထိ အထောက်အထားတွေစုဆောင်းခဲ့ပြီး လီဗင်ရဲ့ ရုပ်အလောင်းကို ဓာတ်ပုံတစ်ပုံမှာ ကျည်ဆန်ထိမှန်မှု (၃) နေရာကို ဖော်ပြထားပါတယ်။

ရုရှားလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေရဲ့ လက်နက်ငယ်နဲ့ ပစ်ခတ်မှု နှစ်ကြိမ်ကြောင့် လီဗင်သေဆုံးခဲ့ ရတာဖြစ်တယ်လို့ ယူကရိန်း အစိုးရရှေ့နေတွေက ကပြောဆိုခဲ့ ပြီး ရိုက်တာက ဒီအချက်အလက် တွေနဲ့ ပတ်သက်ပြီး သီးခြား အတည်ပြုနိုင်တာ မရှိသေးပါဘူး။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.