ဂါဒက်ဇ် ၊ ဇွန် (၂၃)

အာဖဂန်နစ္စတန်မှာ ပြင်းအား ၆.၁ ရှိတဲ့ ငလျင်တစ်ခု ဗုဒ္ဓဟူးနေ့မှာ လှုပ်ခတ်ခဲ့ပြီး လူပေါင်း ၉၂၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ နိုင်ငံရဲ့ ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးကပြောပါတယ်။

ဝေးလံခေါင်သီသော တောင်ပေါ်ကျေးရွာများမှ သတင်းအချက် အလက်များ ပြန့်ကျဲလာသည်နှင့်အမျှ လူပေါင်း ၆၀၀ ကျော် ဒဏ်ရာရခဲ့ပြီး သေဆုံးသူဦးရေ တိုးလာဖွယ်ရှိကြောင်း သိရပါတယ်။ 

နံနက် ၁း၃၀ ခန့်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါငလျင်သည် ပါကစ္စတန်နယ်စပ်အနီး ကော့စ်မြို့မှ ၄၄ ကီလိုမီတာခန့်အကွာတွင် လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမိဗေဒလေ့လာရေးအဖွဲ့က ပြောပါတယ်။ 

အာဖဂန် မီဒီယာတွေရဲ့ ဓာတ်ပုံမှာတော့  နေအိမ်အများအပြား ပျက်စီးပြီး မြေပြင်ပေါ်မှာ စောင်များဖြင့် ဖုံးအုပ်ထားသော ရုပ်အလောင်းများကို ပြသခဲ့ပါတယ်။

သေဆုံးမှုအများဆုံးမှာ အာဖဂန်အရှေ့ပိုင်း ပက်တီကာပြည်နယ်တွင်ဖြစ်ပြီး လူ ၂၅၅ ဦး သေဆုံးကာ ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောကြားခဲ့ပါတယ်။ 

“တချို့ရွာတွေဟာ တောင်ပေါ်ဒေသတွေ ဝေးလံခေါင်သီတဲ့ ဒေသတွေဆိုတော့ အသေးစိတ် အချက်အလက်တွေ စုဆောင်းဖို့ အချိန်နည်းနည်းယူရတဲ့အတွက် သေဆုံးသူဦးရေ တိုးလာဖို့ အလားအလာရှိတယ်” ဟု သူက ဆိုပါတယ်။ 

အာဏာပိုင်များက ကယ်ဆယ်ရေးလုပ်ငန်းကို စတင်လုပ်ဆောင်ခဲ့ပြီး ဒဏ်ရာရသူများထံ ရဟတ်ယာဉ်များကို အသုံးပြုကာ ဆေးဝါးနှင့် အစားအစာများ ပို့ဆောင်ခဲ့ကြောင်း သူက ဆက်လက်ပြောပါတယ်။ 

ပါကစ္စတန်၊ အာဖဂန်နစ္စတန်နှင့် အိန္ဒိယရှိ လူ ၁၁၉ သန်းခန့်က တုန်လှုပ်ခြင်းကို ခံစားခဲ့ရကြောင်း EMSC မှ တွစ်တာစာမျက်နှာတွင် ဖော်ပြခဲ့ပြီး ပါကစ္စတန်တွင် ပျက်စီးဆုံးရှုံးမှု သို့မဟုတ် အသေအပျောက်နှင့် ပတ်သက်၍ ချက်ချင်းသတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။ 

အာဖဂန်နစ္စတန်သည် ဩဂုတ်လတွင် တာလီဘန်တို့ သိမ်းပိုက်ပြီးကတည်းက ပြင်းထန်သော စီးပွားရေးအကျပ်အတည်းကို ကြံ့ကြံ့ခံ ရင်ဆိုင်နေချိန်၌ ဆယ်စုနှစ် နှစ်ခုကြာ စစ်ပွဲအပြီး အမေရိကန်ဦးဆောင်သော နိုင်ငံတကာတပ်များ ဆုတ်ခွာသွားချိန် ယခုလိုဘေးအန္တရာယ် ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ 

တာလီဘန်တို့ သိမ်းပိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် အစိုးရအများအပြားက အာဖဂန်နစ္စတန်ရဲ့ ဘဏ်လုပ်ငန်းကဏ္ဍအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့ပြီး ဖွံ့ဖြိုးရေးအကူအညီ ဒေါ်လာဘီလီယံပေါင်းများစွာ ဖြတ်တောက်ခဲ့ပါသေးတယ်။ 

ယခုချိန်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဆက်လက်ရရှိနေပြီး ကုလသမဂ္ဂကဲ့သို့သော နိုင်ငံတကာအေဂျင်စီများလည်း နိုင်ငံအတွင်း ကူညီမှုများ လုပ်ဆောင်လျက်ရှိနေပါတယ်။ 

အာဖဂန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက နိုင်ငံတကာ အဖွဲ့အစည်းရဲ့ အကူအညီကို ကြိုဆိုကြောင်း ပြောကြားခဲ့ပါတယ်။

၂၀၁၅ ခုနှစ်မှာ ဝေးလံခေါင်သီသော အာဖဂန် အရှေ့မြောက်ပိုင်းဒေသမှာ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်မြောက်ပိုင်းအနီးရှိ လူရာပေါင်းများစွာ သေဆုံးခဲ့ရပါတယ်။ 

Ref: The Staritstime

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.