မော်လမြိုင်၊ ဇွန် ၁၈

အာဏာသိမ်း စစ်ကောင်စီ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လာမယ့် အထွေထွေ ရွေးကောက်ပွဲမှာ အချိုးကျကိုယ်စားပြုစနစ်ဖြစ်တဲ့ Close List PR (စာရင်းပိတ်) စနစ် ကျင့်သုံးဖို့ ဆုံးဖြတ်ထားပြီးလို့ ဇွန် ၁၆ ရက်နေ့က ပြုလုပ်တဲ့ စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲမှာ အတည်ပြု ပြောဆိုလာတာ ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကနေ Close List PR (စာရင်းပိတ်) စနစ်ကျင့်သုံးမယ်ဆိုရင် အာဏာသိမ်း စစ်တပ်ဟာ ကိုယ်စားလှယ် နေရာ ၂၅ ရာခိုင်နှုန်း ရရှိထားပြီးလို့ စစ်တပ်ကြီးစိုးတဲ့ လွှတ်တော်ပဲ ဖြစ်လာမယ်လို့ သုံးသပ်တာတွေ ရှိနေပါတယ်။

မွန်ညီညွတ်ရေးပါတီကတော့ ရွေးကောက်ပွဲမှာ ဘယ်စနစ်ပဲ ကျင့်သုံးသည် ဖြစ်စေ စစ်တပ်ဘက်က ကိုယ်စားလှယ် နေရာ ၂၅ ရာခိုင်နှုန်း ရရှိထားပြီးလို့ ထူးခြားမှု မရှိသလို ပါတီအနေနဲ့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ပြောပါတယ်။

“PR စနစ်ပဲသုံးသုံး၊ FPTP စနစ်ပဲ သုံးသုံးပေါ့နော်။ ရွေးကောက်ပွဲစနစ်က ဘယ်ဟာပဲသုံးသုံးပေါ့နော်၊ MUP အနေနဲ့ကတော့ ရွေးကောက်ပွဲဝင်မှာပဲ။ အဲ့ဒါတချက်ရယ် နောက်ပြီးတော့ တပ်မတော်က ၂၅ ရာခိုင်နှုန်းက အခြေခံဥပဒေအရ PR ဆိုလည်း ၂၅ ရာခိုင်နှုန်းပါလာမှာပဲ။ FPTP လည်း ၂၅ ရာခိုင်နှုန်းပါ လာမှာပဲ။ ဘာမှ မထူးခြားပါဘူး။ ၂၅ ရာခိုင်နှုန်းက သူ့မှာ သီးခြားရှိပြီးသားဆိုတဲ့အရာပါပဲ။ ဘာမှ ထူးခြားမှုမရှိပါဘူး”လို့ မွန်ညီညွတ်ရေးပါတီ ပြောခွင့်ရ နိုင်သန်းရွှေက ပြောပါတယ်။



နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ Close List PR (စာရင်းပိတ်) စနစ်ကျင့်သုံးမယ်ဆိုရင် အာဏာသိမ်း စစ်တပ်နဲ့ သူတို့ ကျောထောက်နောက်ခံပေးထားတဲ့ ကြံ့ခိုင်ရေးပါတီက နေရာ ပိုရလာနိုင်တဲ့အတွက် လွှတ်တော် အခင်းအကျင်းဟာ စစ်အာဏာရှင်ကို ပိုပြီး သက်ဆိုးရှည်စေမယ်လို့ ဝေဖန်ပါတယ်။

လာမယ့် အထွေထွေရွေးကောက်ပွဲဟာ စစ်တပ် ကြီးစိုးလာနိုင်တယ်လို့ သုံးသပ်မှုတွေအပေါ် ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီးက အခုလို ဆိုပါတယ်။

“တပ်မတော်က အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍထဲမှာပါဝင်နေတယ်။ လွှတ်တော်မှာ ရွေးကောက်ခံမဟုတ်ဘဲနဲ့ ပါဝင်နေတယ်ဆိုတာဟာ တင်းပြည့်ကျပ်ပြည့်ဒီမိုကရေစီစနစ်ရဲ့ အခြေခံ သဘောတရားမဟုတ်ဘူး။ စံတွေမဟုတ်ဘူး။ သို့သော်လည်းပဲ အကူးအပြောင်းကာလ၊ စပ်ကူး မတ်ကူးကာလအခြေအနေအရ ကျွန်တော်တို့က လက်ခံခဲ့ရတာဖြစ်ပေမယ့် ဒီမိုကရေစီကို တကယ်ယုံကြည်တဲ့ နိုင်ငံရေးသမားတယောက်အနေနဲ့ဆိုရင်တော့ တချိန်ချိန်မှာ တပ်က နိုင်ငံရေး ကနေပြီး တဖြည်းဖြည်းခြင်း ဆုတ်ခွာပြီးတော့ ရာနှုန်းပြည့်ရွေးကောက်ခံအခြေအနေဖြစ်တဲ့အချိန်အထိ ကျွန်တော်တို့က ဆက်ပြီးတော့ ကြိုးပမ်းရမယ်၊ ဆောင်ရွက်ရမယ်လို့ ဒီလိုပဲ ယုံကြည်ပါတယ်”လို့ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောပါတယ်။

စစ်ကောင်စီကော်မရှင်ကတော့ လာမယ့် ၂၀၂၃ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေမှာ အချိုးကျကိုယ်စားပြု စနစ်ဖြစ်တဲ့ Close List PR (စာရင်းပိတ်) PR စနစ် ကျင့်သုံးသွားမယ်လို့ ပြောပါတယ်။

ဒါပေမယ့် အမျိုးသားလွှတ်တော်မှာရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသ ခြောက်ခုအပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်က တိုင်းရင်းသားလူမျိုးရေးရာ ကိုယ်စားလှယ်နေရာတွေကိုတော့ နိုင်သူအကုန်ယူစနစ်နဲ့သာ ဆက်လက် ကျင်သုံးသွားမယ်လို့ ဆိုပါတယ်။

Close List PR (စာရင်းပိတ်) စနစ်ဟာ မဲစာရွက်ပေါ်မှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပါတီအမည်တွေကိုပဲ မဲပေးရတာ ဖြစ်ပါတယ်။သက်ဆိုင်ရာမဲဆန္ဒနယ်အလိုက် ယှဉ်ပြိုင်မယ့် ပါတီတွေဘက်က ဦးစားပေး‌ ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို ပေးသွင်းရမှာ ဖြစ်ကာာ ရရှိတဲ့ ခိုင်လုံမဲပေါ် မူတည်ပြီး အချိုးကျ ကိုယ်စားလှယ်နေရာ ရရှိမှာ ဖြစ်ပါတယ်။

ရခိုင်အမျိုးသားပါတီရဲ့ ပါတီနိုင်ငံရေးမူဝါဒ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်ကတော့ PR စနစ်ကို ပြည်သူတွေ သေချာ နားမလည်တဲ့အခြေအနေမှာ ၂၀၀၈ ဖွဲ့စည်းပုံကို မဖျက်သိမ်းဘဲ ရွေးကောက်ပွဲလုပ်ရင် ပြည်သူ့ဆန္ဒနဲ့ ရွေးကောက်တင်မြှောက်တဲ့ အစိုးရတစ်ရပ် ဖြစ်လာဖို့ ခဲယဉ်းတယ်လို့ မှတ်ချက်ပြုပါတယ်။

“ကျွန်တော်တို့က ရွေးကောက်ပွဲကို မဝင်ရင် ပါတီအဖျက်ခံရတော့မှာ။ နိုင်ငံရေးပါတီတွေရဲ့ အခက် အခဲက အဲ့ဒါတွေရှိသေးတယ်။ အဲ့ဒါကြောင့်ခုနက ကျွန်တော်ပြောသလို PR စနစ်နဲ့ သွားလို့ကတော့ ၂၀၀၈ ဖွဲ့စည်းပုံလည်းမပျက်သေးဘူး။ PR စနစ်ကလည်း ပြည်သူလူထု သေသေချာချာနားမလည်နိုင် သေးတဲ့ အချိန်မှာ PR စနစ်နဲ့ လုပ်မယ်ဆိုတော့ကာ ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ တင်မြှောက်တဲ့ အစိုးရ တရပ်ပေါ်ပေါက်လာဖို့ကတော့ အတော်ကြီးကို ခဲယဉ်းတယ်လို့ ဆိုရမှာဖြစ်ပါတယ်”လို့ ရခိုင်အမျိုး သားပါတီ၏ နိုင်ငံရေးမူဝါဒ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်က လုပ်မယ့် PR စနစ် ရွေးကောက်ပွဲဟာ လက်ရှိ နိုင်ငံရေးအခြေ အနေအရ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာ မဟုတ်ဘူးလို့လည်း နိုင်ငံရေးသမား တွေနဲ့ ရွေးကောက်ပွဲစောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ယာယီသမ္မတ ဒူဝါလရှီးလကလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို လုံးဝချေဖျက်ဖို့ အရေးကြီးတဲ့အချိန်ဖြစ်တာမို့ နိုင်ငံရေး၊ စစ်ရေး နှစ်ခုစလုံးနဲ့ စစ်အုပ်စုကို ချေမှုန်းဖို့ လုပ်ဆောင်ရမှာဖြစ်တယ်လို့ ဇွန် ၁၄ ရက်မှာ အတိအလင်းပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ပုံစာ – စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.