ပေကျင်း – ဇွန်(၁၂) 

ထိုင်ဝမ်ကို လွတ်လပ်ရေးကြေညာလိုက်မယ်ဆိုရင် စစ်ပွဲစတင်ဖို့အတွက် တွန့်ဆုတ်နေမှာ မဟုတ်ဘူးလို့ တရုတ်ကာကွယ်ရေးဝန်ကြီးက အမေရိကန် သမ္မတ ကို သတိပေးလိုက်ပါတယ်။ 

စင်္ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ ရှန်ဂရီလာ လုံခြုံရေး ထိပ်သီးအစည်းအဝေးပွဲ ဆွေးနွေးချိန်မှာ အမေရိကန် ကာကွယ်ရေးဝန်ကြီး Looyd Austin နဲ့ ပထမဆုံး မျက်နှာချင်းဆိုင်တွေ့ဆုံ ချိန်မှာပဲ တရုတ်ကာကွယ်ရေးဝန်ကြီး က သတိပေးပြောဆိုလိုက်တာပါ။ 

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကို တရုတ်က သူတို့ရဲ့ ပိုင်နက်တစ်ခုလို့ ရှုမြင်ထားပြီး နိုင်ငံရေး အခြေအနေအရ လိုအပ်ရင် အင်အားသုံးတိုက်ခိုက်သွားမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ 

“ထိုင်ဝမ်ကို တရုတ်နိုင်ငံမှ ခွဲထွက်ရဲစေတဲ့ ဘယ်သူ့ကိုမဆို  တရုတ်စစ်တပ်က ကုန်ကျစရိတ် ဘယ်လောက်ရှိရှိ စစ်ပွဲစတင်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူး ‘’ လို့ တရုတ်ကာကွယ်ရေးဝန်ကြီး က  ဩစတြေးလျကိုလည်း အဲဒီအစည်းအဝေးမှာ ပြောခဲ့ပါသေးတယ်။

ဒါ့အပြင် ထိုင်ဝမ်ရဲ့ လွတ်လပ်ရေးကြံစည်မှုကို ရတဲ့ နည်းနဲ့ ဖြိုခွင့်မှာ ဖြစ်ပြီး အမိမြေ ပြန်လည် ပေါင်းစည်းရေးကိုပဲ ပြတ်ပြတ်သားသား ထောက်ခံသွားမှာဖြစ်တယ်လို့ သူက ပြောပါသေး တယ်။ 

ဩစတြေးလျ ကတော့ ထိုင်ဝမ်ရလက်ကြားတစ်လျှောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး အရေးပါမှု ကိုထပ်မံအတည်ပြုခဲ့ပြီး လက်ရှိအနေအထားမှာ ထိုင်ဝမ်အပေါ် နောက်ထပ် မတည်မငြိမ်ဖြစ်စေတဲ့ တရုတ်ရဲ့ တစ်ဖက်သက် လုပ်ရပ်တွေကို ရှောင်ကြဉ်ဖို့ တောင်းဆို ထားပါတယ်။ 

ထိုင်ဝမ်ရဲ့ လေကြောင်းရန်ကာကွယ်ရေးဇုန် အတွင်းကို တရုတ်လေယာဉ်တွေကျူးကျော်ဝင် ရောက်လာမှု တိုးလာတဲ့အတွက် စိုးရိမ်မှုတွေ မြင့်တက်လာပါတယ်။ 

ပြီးခဲ့တဲ့လက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ဂျပန်နိုင်ငံကို အလည်အပတ်ရောက်ရှိချိန်မှာ ထိုင်ဝမ်ကို ကာကွယ်ဖို့ အမေရိကန်က တရုတ်ကို တိုက်ခိုက်ရလိမ့်မယ်လို့ ပြောဆိုခဲ့ပြီး အဲ့ဒီလို ပြောဆိုတာဟာ ဆယ်စုနှစ်များစွာ ကျင့်သုံးခဲ့တဲ့ အမေရိကန်ရဲ့ မူဝါဒတွေကို ချိုးဖောက်ပြော ဆိုခဲ့တာပါ။ 

“ယူကရိန်းဟာ မနက်ဖြန်မှာ အရှေ့အာရှဖြစ်နိုင်တယ်” လို့ တရုတ်-ထိုင်ဝမ်တင်းမာမှုအပေါ် ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက ထိပ်သီးအစည်းအဝေးမှာ သတိပေးထားပါတယ်။ 

ကမ္ဘာမှာ နိုင်ငံရေးစည်းမျဉ်းတွေကို မလေးစားဘဲ တခြားနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို အင်အားသုံးပြီး ခြိမ်းခြောက်နေတဲ့ အဖွဲ့အစည်းတစ်ခု ပေါ်ပေါက်လာနိုင်တဲ့အတွက် နိုင်ငံတကာ အနေနဲ့ ကြိုတင်ပြင်ဆင်ထားဖို့ တိုက်တွန်းခဲ့ပြီး “စည်းကမ်း အခြေခံတဲ့ နိုင်ငံတကာ အမိန့်” ကို ထိန်းသိမ်းဖို့အတွက်လည်း ဂျပန်ဝန်ကြီးချုပ်က ပြောဆိုထားပါတယ်။ 

အမေရိကန်နဲ့ တရုတ်တို့ဟာ ထိုင်ဝမ်ကိစ္စမှာသာမက တခြားကိစ္စတွေမှာလည်း အငြင်းပွားမှုတွေ ရှိနေပြီး ရုရှား- ယူကရိန်းအရေးမှာလည်း အမေရိကန်ဟာ ယူကရိန်းကို တိတ်တဆိတ် ထောက်ပံ့ တာတွေလုပ်နေတယ်လို့ တရုတ်က စွပ်စွဲထားပါတယ်။ 

ရုရှားရဲ့ကျူးကျော်စစ်အဆုံးသတ်ဖို့ ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ တရုတ်က တောင်းဆိုထားပေမယ့် ရုရှားရဲ့ လုပ်ရပ်တွေကို ရှုတ်ချတာ မရှိပဲ ယူကရိန်းကို လက်နက်ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက် နဲ့ အမေရိကန်နိုင်ငံကို အကြိမ်ကြိမ် ဝေဖန်တာတွေပဲ ပြုလုပ်နေပါတယ်။ 

Ref : Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.