မော်စကို – ဇွန်(၈) 

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗရိုရဲ့ လေယာဉ်ကို အိမ်နီးချင်းနိုင်ငံတွေက သူတို့ရဲ့ လေပိုင်နက်အတွင်းဖြတ်သန်းခွင်းတားဆီးခဲ့တဲ့အတွက် ဆားဗီးယားနိုင်ငံကို သွားရောက်မယ့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ 

ယူကရိန်းကို ရုရှားရဲ့ ထိုးစစ်ဆင်ပြီးနောက် ဥရောပမှာ မော်စကိုရဲ့ ကျန်ရှိနေတဲ့မဟာမိတ်အနည်း ငယ်ထဲက တစ်ခုဖြစ်တဲ့ ဆားဗီးယားမြို့တော် ဘယ်လ်ဂရိတ်မှာ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ထိပ်တန်းအရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားတာပါ။ 

“ဆားဗီးယားနိုင်ငံပတ်လည်ရှိ အိမ်နီးချင်းနိုင်ငံများသည် ဆားဘီးယားနိုင်ငံသို့ ဦးတည်ပျံသန်း လာမည့် လာဗရို၏လေယာဉ်ကို ပျံသန်းခွင့် ငြင်းဆန်ခဲ့ပြီး ဆက်သွယ်ရေးလမ်းကြောင်းကိုလည်း ပိတ်လိုက်သည်” လို့ ဝန်ကြီးဌာနက ပြောခွင့်ရပုဂ္ဂိုလ်ရဲ့ ပြောစကားကို ကိုးကားပြီး ရုရှားသတင်း အေဂျင်စီတွေက ထုတ်ပြန်ခဲ့ပါတယ်။ 

ဘူလ်ဂေးရီးယား၊မက်ဆီဒိုးနီးယားနဲ့ မွန်တီနီဂရိုး နိုင်ငံတွေက သူတို့ရဲ့ လေပိုင်နက်တွေမှာ ရုရှားလေယာဉ်ဖြတ်သန်းခွင့် ငြင်းပယ်ခဲ့တာဖြစ်တယ်လို့ ဆားဘီးယားနေ့စဉ်ထုတ်သတင်း စာက ဖော်ပြထားပါတယ်။ 

“ရုရှားကိုယ်စားလှယ်အဖွဲ့ဟာ ဆွေးနွေးပွဲအတွက် မြို့တော်ဘယ်လ်ဂရိတ်ကို ရောက်သင့် နေပေမယ့် အီးယူနဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေက ၎င်းတို့၏လေပိုင်နက်တွေကို ဖြတ်သန်း ခွင့်ပိတ်ထားခဲ့တယ်” လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။ 

ရုရှားသံတမန်သတင်းရင်းမြစ်တစ်ခုကတော့ အဲ့ဒီခရီးစဉ်ကို ဖျက်သိမ်းဖို့ကလွဲပြီး တခြား ရွေးချယ်စရာမရှိခဲ့ဘူးလို့ Interfax သတင်းဌာနကို ပြောဆိုထားပါတယ်။ 

နိုင်ငံခြားရေးဝန်ကြီး လာဗရို့ဟာ ဆားဗီးယားခရီးစဉ်မှာ သမ္မတ အလက်ဇန်းဒါး ဗူချက်စ်၊ ဆားဗီးယားနိုင်ငံခြားရေးဝန်ကြီးနဲ့ ဆားဗီယန်းဘာသာရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားတာပါ။ 

ယူကရိန်းမှာ ရုရှားရဲ့ စစ်ရေးဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ဆားဘီးယားက ရှုတ်ချထား ခဲ့သလို ဥရောပသမဂ္ဂအဖွဲ့မှာ ပါဝင်ဖို့ ကြိုးပမ်းနေမှုတွေရှိနေပေမယ့် ရုရှားကို ပိတ်ဆို့အရေးယူ မှုတွေချမှတ်ဖို့အတွက် ဥရောပ သမဂ္ဂနဲ့ ပူးပေါင်းတာတွေတော့ မရှိသေးပါဘူး။ 

ရုရှားနဲ့ဆားဘီးယားဟာ နှစ်နိုင်ငံကာလရှည်ကြာ နီးကပ်တဲ့ ဆက်ဆံရေးရှိကြသလို ရုရှား နိုင်ငံက သဘာဝဓာတ်ငွေ့တင်သွင်းဖို့ သုံးနှစ်သက်တမ်းရှိစာချုပ်ကို မကြာသေးခင်ကမှ လက်မှတ်ရေး ထိုးထားပါတယ်။ 

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.