သံတောင်ကြီး ၊ မေ(၁၅)

ကေအဲန်ယူ-တပ်မဟာ ၂ ထိန်းချုပ်နယ်မြေ သံတောင်ကြီးမြို့နယ် လိပ်သိုဒေသအတွင်းမှာ KNLA ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား ထိတိုက်ပွဲဖြစ်ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံတချို့ကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၁၃ ရက်နေ့က သံတောင်ကြီးမြို့နယ် လိပ်သိုဒေသ အလယ်ချောင်းကျေးရွာအုပ်စု မိုင်းလွန်အလယ်ရွာနဲ့ အောက်ရွာမှာ KNLA ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲဖြစ်ပြီးနောက် ထွက်ပြေးတိမ်းရှောင်ကြတဲ့ ဒေသခံပြည်သူတချို့ကို စစ်ကောင်စီက ဖမ်းဆီးထားပြီး ဘယ်လောက် ဖမ်းဆီးခံရလဲဆိုတာ မသိရသေးသလို အများစုကတော့ အဆက်အသွယ် ပြတ်နေတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။



အဲ့ဒီတိုက်ပွဲမဖြစ်ပွားခင် မေ ၁၁ ရက်နေ့က မိုင်းလွန်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီစခန်းကို KNLA တပ်မဟာ ၂ ပူးပေါင်းအဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက်ပိုင်းမှာ စစ်ကောင်စီတပ်က အင်အားထပ်မံဖြည့်ဆည်းလာတာဖြစ်ပါတယ်။

ဒီလို စစ်ကောင်စီက အင်အားထပ်မံဖြည့်ဆည်းလာလို့ မေလ ၁၃ ရက်နေ့ တစ်ရက်တည်း ထိတွေ့ တိုက်ပွဲ ၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရတပ်သားတွေကို လာရောက်ကောက်ယူတဲ့ စစ်ကားလည်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ KNLA ပူးပေါင်းတပ်ဖွဲ့က ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးသွားခဲ့ပြီး နှစ်ဖက်တိုက်ပွဲအတွင်း KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၂) ထိန်းချုပ်နယ်မြေမှာလည်း စစ်တပ် အာဏာသိမ်းပြီး နောက် စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ရဲ့ တိုက်ပွဲတွေကြောင့် ဒေသခံထောင်နဲ့ချီဟာ နီးစပ်ရာ တောတောင်တွေနဲ့ ဘေးလွတ်ရာ နေရာတွေမှာ တိမ်းရှောင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.