ဘီးလင်း ၊ မေ (၁၅)

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီ လေးကေစခန်းမှာ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားတဲ့သူတွေကို ကျွေးမွေးဖို့ဆိုပြီး BGF က ရွာသူကြီးတွေဆီကနေ ငွေကြေးအတင်းအဓမ္မ တောင်းခံနေတယ်လို့ KNU တပ်မဟာ(၁) သထုံခရိုင် တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်ကောင်စီနဲ့ ကရင်နယ်ခြားစောင့် BGF ပူးပေါင်းတပ်ဖွဲ့ဟာ စစ်ကောင်စီလေးကေစခန်းမှာ ကလေးသူငယ် ၄ ဦး အပါအဝင် ဒေသခံ အရပ်သားပြည်သူ ၉၀ ကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားတာ ဖြစ်ပါတယ်။

လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားတဲ့သူတွေကို ကျွေးမွေးဖို့ဆိုပြီး BGF တပ်က ဘားအံမြို့နယ်၊ ဝဲပျံကျေးနယ်နဲ့တကောင်းဘိုကျေးနယ်တွေရှိ ကျေးရွာ ၁၅ ရွာက ရွာသူကြီးတွေဆီကနေ စုစုပေါင်း ငွေကျပ် ၁၄၃ သိန်းပေးဖို့ ငွေကြေးအတင်းအဓမ္မ တောင်းခံလာတာ ဖြစ်ပါတယ်။



KNU သထုံခရိုင် ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်ကတော့ စစ်ကောင်စီနဲ့ BGF ပူးပေါင်းတပ်ဟာ လူအခွင့်အရေး ချိုးဖောက်မှုတွေ ဆက်တိုက်ကျူးလွန်နေပြီး အခုလုပ်ရပ်ဟာ လက်ခံနိုင်စရာ မရှိဘူးလို့ ပြောပါတယ်။

စစ်ကောင်စီနဲ့ BGF ပူးပေါင်းတပ်ဟာ လေးကေစခန်းကို စစ်ကူဖြည့်လာရောက်စဉ် လမ်းတလျှောက်က ဒေသခံပြည်သူ ၉၀ ကျော် လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်ခဲ့တာ ဖြစ်ပြီး ပြန်မလွှတ်ဘဲ ဆက်လက် ဖမ်းဆီးထားတာ ဖြစ်ပါတယ်။

ဒေသခံတွေကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးတာအပြင် ရွာသူကြီးတွေမှာ ငွေကြေး တောင်းခံနေတဲ့ ကိစ္စရပ်နဲ့ ပတ်သက်ပြီး BGF တပ်က တာဝန်ရှိသူတွေကို သံလွင်တိုင်းမ်က ဖုန်းနဲ့ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.