ရန်ကုန် ၊ မေ(၁၃)

နိုင်ငံတဝန်းမှာ စစ်တပ် အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ အခုနှစ် မေလ ၁၀ ရက်နေ့အထိ အရပ်သားပြည်သူ သေဆုံးမှု ၅၆၀၀ ကျော်ထိ ရှိလာတယ်လို့ ISP-Myanmar က ထုတ်ပြန်ပါတယ်။

အဲ့ဒီထဲမှာတော့ ငြိမ်းချမ်းစွာ ဆန္ဒပြရင်း ပစ်ခတ်သတ်ဖြတ်ခံရတာ၊ စစ်ကောင်စီ စစ်ကြောရေးနဲ့ အကျဉ်းထောင်၊ ရဲစခန်းတွေမှာ သတ်ဖြတ်ခံရသူ ၂၅၀၀ ကျော်ထိ ရှိပြီး စစ်ကောင်စီသတင်းပေး ဒလန်အဖြစ် စွပ်စွဲ သတ်ဖြတ်ခံရသူ ၃၁၀၀ ကျော်ထိ ရှိလာခဲ့တာပါ။

အရပ်သား သေဆုံးမှုအရ စစ်ကိုင်းတိုင်းမှာ ၅၉၉ ဦး၊ ရန်ကုန်တိုင်းမှာ ၂၈၃ ဦး ၊ မန္တလေးတိုင်းမှာ ၂၈၁ ဦး၊ မကွေးတိုင်းမှာ ၁၆၁ ဦး၊ ပဲခူးတိုင်းမှာ ၁၄၃ ဦးနဲ့ အများဆုံး သတ်ဖြတ်ခံထားရတယ်လို့ ဆိုထားပါတယ်။



အရပ်သား ပြည်သူ သေဆုံးမှုမှာတော့ စစ်ကောင်စီက ဖမ်းဆီပြီးနောက် ညှင်းပန်းနှိပ်စက်မှုတွေကြောင့် သေဆုံးတာ ၃၁၄ ဦး၊ စစ်ကြောရေးမှာ သေဆုံးတာ ၁၀၁ ဦးနဲ့ ရဲစခန်းနဲ့ အကျဉ်းထောင် စတဲ့ နေရာတွေမှာ သေဆုံးတာ ၃၀ ဦး ပါဝင်နေပါတယ်။

ISP-Myanmar အဆိုအရ အခုနှစ်ဧပြီလအတွင်း ပေါ်ပေါက်လာတဲ့ သွေးသောက်အဖွဲ့ရဲ့ သတ်ဖြတ်မှုကြောင့် NLD ပါတီဝင်တွေ၊ပါတီ မိသားစုဝင်တွေ၊စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ပြည်သူ့ကာကွယ်ရေးတပ် PDF တွေကို ကူညီထောက်ပံ့ပေးနေသူတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေကို ပစ်မှတ်ထားသတ်ဖြတ်ခံရတာ ၁၈ ဦးထိ ရှိလာတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီကိန်းဂဏန်း အချက်အလက်တွေကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ မှတ်တမ်းတွေအပေါ် အခြေခံပြီးISP-Myanmar က ပြုစုထားတာ ဖြစ်တယ်လို့ ဆိုထား ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.