ဘီးလင်း ၊ မေ (၁၄)

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ ဘီးလင်းမြို့နယ်၊ လေးကေ ကျေးရွာရှိ စစ်ကောင်စီရဲ့ လေးကေစခန်းမှာ ကလေးသူငယ်တွေ အပါအဝင် ပြည်သူ ၉၂ ဦးကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားတယ်လို့ KNU က ထုတ်ပြန်ပါတယ်။

ဖမ်းဆီးခံထားရတဲ့သူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေးသူငယ် ၄ ဦးနဲ့ အမျိုးသမီးတွေ အပါအဝင် စုစုပေါင်း ၉၂ ဦးရှိတယ်လို့ ဆိုပါတယ်။

အဲဒီထဲက ပြည်သူ ၉၂ ဦးမှာ ဘားအံမြို့နယ် ကျေးရွာတွေက ၇၀ ဦးနဲ့ ဘီးလင်းမြို့နယ် ကျေးရွာတွေက ၂၂ ဦးတို့ ဖြစ်ပါတယ်။



စစ်ကောင်စီက ဖမ်းဆီးထားတဲသူတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ဘားအံမြို့နယ်ကနေ ဘီးလင်းမြို့နယ် စစ်ကောင်စီ လေးကေစခန်းကို စစ်ကူလာဖြည့်စဉ် စစ်ကောင်စီနဲ့ BGF တပ်က လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်ခဲ့တဲ့ သူတွေ ဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ BGF ပူးပေါင်းတပ်ဟာ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားတဲ့သူတွေကို ပြန်မလွှတ်ဘဲ စစ်ကောင်စီစခန်းထဲမှာ လူသားဒိုင်းကာအဖြစ် ဆက်လက် အသုံးပြုနေတယ်လို့ KNU တပ်မဟာ(၁) တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီ လေကေးစခန်းဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းအဖွဲ့က ဝိုင်းထားတာကြောင့် စစ်ကောင်စီနဲ့ BGF ပူးပေါင်းတပ်က အရပ်သားပြည်သူတွေကို လူသားဒိုင်းကာအဖြစ် အသုံးပြုနေတာ ဖြစ်ပါတယ်။

KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ ဘီးလင်းမြို့နယ်မှာတော့ စစ်ကောင်စီစခန်း နှစ်ခု ဆုတ်ခွာပေးဖို့ KNDO က သတိပေးစာ ထုတ်ပြန်ပြီးနောက် နှစ်ဖက် စစ်ရေး ပိုမို တင်းမာလာတာကြောင့် ဒေသခံပြည်သူ ၁၀၀၀၀ ကျော်ဟာ နီးစပ်ရာ တောတောင်တွေနဲ့ ဘေးလွတ်ရာ နေရာတွေမှာ ပုန်းခိုနေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.