မော်လမြိုင် ၊ မေ(၁၃)
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ ငြိမ်ချမ်းရေး ဆွေးနွေးဖို့ ဖိတ်ခေါ်မှုဟာ စစ်အာဏာရှင်စနစ် ဆက်လက် တည်မြဲရေးသာ ဖြစ်တယ်လို့ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ PNFC က ထုတ်ပြန်လိုက်ပါတယ်။
စစ်ခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖိတ်ခေါ်မှုဟာ အဓိပ္ပါယ်ပြည့်ဝတဲ့ တွေ့ဆုံဆွေးနွေးမှုမျိုး ဖြစ်လာမှာ မဟုတ်ဘဲ တိုင်ရင်းသားအင်အားစုတွေ၊ နွေဦးတော်လှန်ရေးအင်အားစုတွေ အပါအဝင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်လိုသူ အင်အားစုတွေအကြား အထင်အမြင် လွဲမှားမှုတွေနဲ့ သွေးကွဲမှုတွေနဲ့သာ တွေ့ကြုံကြရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
ဒါ့အပြင် မြန်မာပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှု၊ ထောက်ခံမှုမရှိတဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေဟာ အောင်မြင်မှုရရှိမှာ မဟုတ်သလို တရားဝင်မှာလည်း မဟုတ်ဘူးလို့ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီက ဆိုပါတယ်။
စစ်ခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကမ်းလှမ်းချက်ဟာ တိုက်လိုက်၊ ဆွေးနွေးလိုက် သံသရာအတွင်းမှ ရုန်းထွက်နိုင်မယ့် ဖိတ်ခေါ်မှုမျိုး မဟုတ်ကြောင်းနဲ့ သွားရောက် ဆွေးနွေးကြမယ့် တိုင်းရင်သားလက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့လည်း ငြိမ်းချမ်းရေးဖော်ဆောင်မှု ပုံစံဟောင်းတွေကို မစဉ်းစားသင့်တော့ဘူးလို့ ထုတ်ပြန်ထားတာပါ။
တဖက်မှာတော့ NCA စာချုပ် ချိုးဖောက်ပြီး အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီဟာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းနေတုန်းမှာပဲ စစ်ရှောင်စခန်းတွေနဲ့ ပြည်သူတွေကို လေယာဉ်နဲ့ဗုံးကြဲတာ၊ နေအိမ်မီးရှို့တာတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့ ဆိုထားပါတယ်။
ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်အမျိုးမျိုး အပြီးတိုင်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးအတွက် တော်ပေါ်မြေပြန့် မခွဲဘဲ လက်နက်ကိုင်တော်လှန်နေသူတွေနဲ့ ဆက်လက်ပူးပေါင်းဆင်နွှဲသွားဖို့ PNFC က တိုက်တွန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်