ဘားအံ ၊ မေ (၁၄)

အာဏာသိမ်း စစ်ကောင်စီနဲ့ ယုံကြည်မှု တည်ဆောက်ဖို့ အချိန်လွန်သွားပြီးလို့ ကရင်အမျိုးသား အစည်းအရုံး KNU ပြောခွင့်ရ ပဒိုစောတောနီးက တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်က သူဖိတ်ခေါ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကေအဲန်ယူအပါအဝင် ကေအိုင်အေ ကေအန်ပီပီအဖွဲ့တို့ မတက်ရောက်တာဟာ ပြည်ပနိုင်ငံတွေကြောင့် ဖြစ်တယ်လို့ ပြောဆိုမှုအပေါ် ပဒိုစောတောနီးက တုံ့ပြန်ပြောဆိုလိုက်တာပါ။

အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့တိုင်းပြည်ရဲ့အခြေအနေကို လက်ခံနိုင်ပုံမပေါ်ဘဲ အားလုံးကိုထိန်းချုပ်နိုင်မယ်လို့ စိတ်ကူးယဉ်နေတယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် ကေအဲန်ယူအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အကောင်းဆုံးကြိုးစားလုပ်ဆောင်ခဲ့ပြီး ယုံကြည်မှုတွေ တတ်နိုင်သလောက်တည်ဆောက်ခဲ့ပေမယ့် လက်ရှိကာလမှာ စစ်ကောင်စီကို ဘယ်တော်လှန်ရေး အဖွဲ့အစည်းကမှ ယုံကြည်မှုမရှိတော့တာကြောင့် အဲ့ဒီအပေါ် စစ်ခေါင်းဆောင် အနေနဲ့ လက်သင့်ခံဖို့လိုတယ်လို့ KNU ပြောခွင့်ရ ပဒိုစောတောနီးက ပြောပါတယ်။



“ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲ ပြဿနာတွေကို သူကတော့ စိတ်ကူးယဥ်ပြီးတော့ ထိန်းချုပ်နိုင်မယ် ထင်နေတယ်။ တကယ်တမ်းမှာ အခြေအနေ အားလုံး ပြောင်းသွားပြီးဆိုတာ သူလက်ခံနိုင်ပုံ မပေါ်ဘူး။ လက်ရှိကာလမှာ စစ်ကောင်စီရဲ့ အနေအထားက ဘယ်လိုမှ ယုံကြည်မှုတည်ဆောက်နိုင်စရာ အကြောင်းမရှိဘူး။ ဒါတွေက လွန်ကုန်ပြီး ၊ ဒီနေ့ ဒီအချိန်အခါမှာ ဘယ်တော်လှန်ရေးအဖွဲ့ကမှ စစ်ကောင်စီကို မယုံကြည်နိုင်တော့ဘူး” လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ အာဏာသိမ်းပြီးတက်လာတဲ့ တရားမဝင်အဖွဲ့အစည်းတစ်ခုဖြစ်တာကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖိတ်ခေါ်ဖို့လုပ်ပိုင်ခွင့် မရှိသလို သူခေါ်ဆောင်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ခိုင်မာမှုမရှိဘူးလို့လည်း ပဒိုစောတောနီးက ပြောပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲကို NCA အပစ်ရပ်စာချုပ်လက်မှတ်ထိုး အဖွဲ့ ၇ ဖွဲ့နဲ့ NCA လက်မှတ်မထိုးထားတဲ့ အဖွဲ့ ၃ ဖွဲ့က တက်ရောက်မှာဖြစ်တယ်လို့ စစ်ခေါင်းဆောင်က ပြောကြားခဲ့ပြီး အဲ့ဒီအဖွဲ့တွေဟာ စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုတွေ မရှိတဲ့အဖွဲ့တွေဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.