ရန်ကုန် ၊ မေ (၁၃)

မြန်မာနိုင်ငံကို အဓိက ဆီတင်သွင်းနေတဲ့ အင်ဒိုနီးရှားနိုင်ငံက ဆီတင်ပို့မှု ရပ်နားလိုက်ပေမယ့် ပြည်တွင်းမှာ စားသုံးဆီ မပြတ်လပ်နိုင်ဘူးလို့ မြန်မာနိုင်ငံ ဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်းက ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ ပြီးခဲ့တဲ့ ၂၈ ရက်နေ့က ပြည်ပနိုင်ငံတွေကို စားသုံးဆီတင်ပို့ ရပ်ဆိုင်းလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဲဒီနောက်မှာတော့ မြန်မာနိုင်ငံ ဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်းက ဆီလှောင်ကန်ကနေ ဆီလက်ကျန်တွေကို စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်မရရင် မထုတ်ပေးဖို့ မေလ ၁၀ ရက်နေ့မှာ ကုမ္ပဏီတွေကို အကြောင်းကြားလာပါတယ်။

မြန်မာနိုင်ငံ ဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်းက စားသုံးဆီ ထုတ်ယူခွင့်မပြုကြောင်း အကြောင်းကြားလာတာကြောင့် ပြည်တွင်းမှာ စားသုံးဆီပြတ်လပ်လာမှာကို လုပ်ငန်းရှင်တွေက စိုးရိမ်ခဲ့ကြပါတယ်။



စားသုံးဆီဟာ ပြည်တွင်းမှာ လက်ကျန် ၁၂ ရက်စာ ရှိသေးသလို အခုရက်ပိုင်းအတွင်း မလေးရှားနိုင်င်ငံက ဆီတင်သင်္ဘောတွေ ထပ်ရောက်လာမှာ ဖြစ်လို့ စားသုံးဆီ ပြတ်လပ်မှု မဖြစ်နိုင်ဘူးလို့ မြန်မာနိုင်ငံဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးပိုင်ဖြိုးသန့်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ ဒီကြားထဲမှာ ဆီအမှန်တကယ်ရှိမရှိနဲ့ ပြတ်လပ်မှုတွေကို ဖြစ်ပေါ်လာနိုင်မှာစိုးလို့ ကျွန်တော်တို့က ကန်တွေကို စစ်ဖို့အတွက်ကို ဆီပေးတာကို ခဏရပ်ဖို့ အကြောင်းကြား လိုက်တာပါ။ အကြောင်းကြားပြီးချင်းမှာပဲ ၁၀ ရက်နေ့ နေ့လည် ၁ နာရီမှာ စာထပ်ထွက်ပါတယ်။စပြီး ဆီပေးလို့ရပြီဆိုတဲ့စာ ကုမ္ပဏီတွေကိုလည်း အကြောင်းကြားတယ်။သို့သော် ဒီစာ (ဆီထုတ်ခွင့််မပေးတဲ့စာ )က နေ့လည် ၂ နာရီ၊ ၃ နာရီမှာ အပြင်ကို အကြောင်းကြားထားတဲ့ ကုမ္ပဏီကနေတစ်ဆင့် ပေါက်ကြားသွားတယ်ပေါ့”လို့ သူက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် ဆီသိုလှောင်ကန်ကနေ ဆီလက်ကျန်တွေကိုလည်း ပြန်လည် ထုတ်ယူခွင့်ပေးအပ်ထားပြီး ဖြစ်တယ်လို့ သူက ဆိုပါတယ်။

တစ်ဖက်မှာတော့ စစ်ကောင်စီ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက နယ်စပ် ကုန်သွယ်ရေးဇုန်ကနေ ပြည်ပသို့တင်ပို့နေတဲ့ ဆီထွက်သီးနှံတွေကို မေ ၉ ရက်ကစပြီး တင်ပို့မှု ယာယီရပ်ဆိုင်းထားဖို့ ညွှန်ကြားထားပါတယ်။

မွန်ပြည်နယ်၊ပဲမျိုးစုံနဲ့ နှမ်းကုန်သည်များအသင်း တာဝန်ရှိသူ တစ်ဦးကတော့ ဆီထွက်သီးနှံ တင်ပို့မှု ယာယီရပ်ဆိုင်းလိုက်ပေမယ့် ဈေးနှုန်း ထိုးကျသွားဖို့ မရှိဘူးလို့ ပြောပါတယ်။

“Export ကလည်း ဟိုဘက်က အများကြီး စျေးတင်ပေးထားတာ မဟုတ်ဘူး။လက်ရှိပြည်တွင်းမှာ ဆီစျေးနဲ့ဆိုလည်း ကိုက်ပါတယ်။နှမ်းဆီဆိုလို့ရှိရင် ၁၀ ပိဿာဝင် ပုံးတစ်ပုံးကို ရှစ်‌သောင်း ခြောက်ထောင်လောက် ပေါက်တယ်။နှမ်းဖတ်ကလည်း စျေးကောင်းနေတာလေ။ဆိုတဲ့အခါကျတော့ လက်ရှိအနေအထားက စျေးကွက်က Export ဖွင့်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ တအားကြီး‌တော့ စျေးက ပက်ပက်စက်စက် ထိုးကျသွားတာတွေတော့ မဖြစ်နိုင်ဘူး။လိုအပ်ချက်တစ်ခုက ရှိနေတယ်။ပြည်တွင်းဆီစားသုံးမှုကလေ”လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြည်တွင်းစားသုံးဆီ လုံလောက်မှု မရှိတဲ့အတွက် ပြည်ပနိုင်ငံတွေကနေ နှစ်စဉ် ဆီတန်ချိန် သောင်းနဲ့ချီ တင်သွင်းနေရတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်ဟာ စားသုံးဆီတွေကို မလေးရှားနဲ့ ထိုင်းနိုင်ငံတို့ကနေ အဓိက တင်သွင်း ရောင်းချနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.