မော်လမြိုင် ၊ မေ (၈)

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အပစ်ရပ် NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၅ ဖွဲ့ သွားရောက် တွေ့ဆုံသွားမယ်လို့ အပစ်ရပ်အဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွှန့်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံဖို့အတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူ စာချုပ် NCA မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAOs တွေနဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST က မေလ ၆ ရက်နေ့မှာ အထူးအစည်း အဝေး တစ်ရပ် ခေါ်ယူခဲ့ပါတယ်။

အဲဒီအထူးအစည်းအဝေးမှာ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံဖို့ အပစ်ရပ်အဖွဲ့ ၅ ဖွဲ့က သဘောထားပေး မှတ်ချက်ပေးခဲ့တယ်လို့ PPST ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောပါတယ်။



“မနေ့က အစည်းအဝေးမှာ ဖိတ်ခေါ်ကမ်းလှမ်းချက်အပေါ်မှာ တက်ရောက်ဖို့ သဘောထားပေးတဲ့ အဖွဲ့က ငါးဖွဲ့ ဟုတ်ပါတယ်။ကျန်တဲ့ PPST Member ထဲက အဖွဲ့တစ်ဖွဲ့ကတော့ အဖွဲ့အစည်း ဗဟိုကော်မတီအစည်းအဝေး ပြန်လုပ်ဖို့ ရှိတယ်ဆိုတော့ လောလောဆယ် သဘောထား မပေးနိုင်သေးတာပါရှိသလို ကျန်တဲ့ PPST Member နောက်တစ်ဖွဲ့ကလည်း လက်ရှိ သူတို့အဖွဲ့အစည်း အတွင်းမှာ ဖြစ်နေတဲ့ မအားမလပ်မှုတွေ အခက်အခဲတွေနဲ့ အကြောင်းအမျိုးမျိုးနဲ့ တိုက်ဆိုင်နေတဲ့အတွက်ကြောင့် လောလောဆယ် တက်ဖို့ အဆင်သင့်မဖြစ်သေးပါဘူးဆိုတဲ့ သဘောထားပေးထားတာတော့ ရှိပါတယ်”လို့ သူက ဆိုပါတယ်။

စစ်ခေါင်းဆောင်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ သွားရောက် တွေ့ဆုံမယ့် အပစ်ရပ် ၅ ဖွဲ့မှာ တော့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ မွန်ပြည်သစ်ပါတီ NMSP ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ – KNU/KNLA/PC) နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် PNLO တို့ ပါဝင်ပါတယ်။

အပစ်ရပ်အဖွဲ့တွေရဲ့ အထူးအစည်းအဝေးမှာတော့ စစ်ခေါင်းဆောင်နဲ့ သွားရောက် တွေ့ဆုံရာမှာ နိုင်ငံတကာအသိုင်းအဝိုင်းကနေ အကြံပြုချက်တွေ ရယူသွားဖို့၊ ပြည်တွင်းပြည်ပက အမြင်မတူညီတဲ့ အင်အားစုတွေကြား နားလည်မှု ရရှိရေး ကြိုးပမ်းသွားဖို့ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကြား ညှိနှိုင်းဆွေးနွေးကြဖို့ စတဲ့ အချက် ၅ ချက်ကို ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ သူကိုယ်တိုင် တွေ့ဆုံလိုကြောင်းနဲ့ တွေ့ဆုံမယ့် အဖွဲ့တွေအနေနဲ့ မေလ ၉ ရက်နေ့ နောက်ဆုံးထား အမည်စာရင်းပေးကြဖို့ ကမ်းလှမ်းထားပါတယ်။

လက်ရှိမှာတော့ အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ ချင်းအမျိုးသားတပ်ဦး CNF ၊ အပစ်ရပ် လက်မှတ်မထိုးရ‌‌သေးတဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တို့ကတော့ စစ်ခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းမှုအပေါ် တက်ရောက် ဆွေးနွေးသွားမှာ မဟုတ်ဘူးလို့ တရားဝင် ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.