မော်လမြိုင် ၊ မေ (၈)

သွင်းအားစု ဓာတ်မြေသြဇာ အပါအဝင် စိုက်ပျိုးရေးသုံးပစ္စည်းတွေ အဆမတန် ဈေးနှုန်း ကြီးမြင့်နေတာကြောင့် မွန်ပြည်နယ်အတွင်းက နှစ်ရှည်သစ်သီးဝလံတွေ ဖြစ်တဲ့ ဒူရင်း၊ ကြက်မောက်နဲ့ မင်းဂွတ်သီး စိုက်ပျိုးသူတွေ အရှုံးနဲ့ ရင်ဆိုင်နေရတယ်လို့ နှစ်ရှည်သစ်သီးဝလံစိုက်ပျိုးသူတွေက ပြောပါတယ်။

နှစ်ရှည်သစ်သီးဝလံ စိုက်ပျိုးသူတွေဟာ အခုအခါ သီးနှံပေါ်ကာလဖြစ်ပေမယ့် စစ်တပ် အာဏာသိမ်းပြီးနောက် သွင်းအားစု ကုန်ပစ္စည်းတွေ ဈေးနှုန်း အဆမတန် မြင့်တက်လာတာနဲ့ စက်သုံးဆီ ဈေးနှုန်း ကြီးမြင့်နေတာ အပါအဝင် သယ်ယူ ပို့ဆောင်ရေး စရိတ် မြင့်တက်လာတာကြောင့် အကျိုးအမြတ် မရှိဘဲ အရှုံးပေါ် နေကြတာ ဖြစ်ပါတယ်။

စိုက်ပျိုးရေး သွင်းအားစု ဖြစ်တဲ့ ဓာတ်မြေဩဇာ ဈေးနှုန်းဟာ စစ်တပ် အာဏာမသိမ်းခင်က တစ်အိတ် ကျပ် ၂၀၀၀၀ ကျော်မှာသာ ရှိရာမှ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်း တစ်အိတ်ကို ၉၀၀၀၀ ကျော်ထိ ဈေးနှုန်း မြင့်တက်လာသလို လျှပ်စစ်မီး မမှန်တာကြောင့် မီးစက်တွေ မောင်းပြီး ရေလောင်းနေတဲ့အတွက် အထွေထွေကုန်ကျစရိတ်ကြီးမြင့်မှုနဲ့ ရင်ဆိုင်နေရပါတယ်။



အခုလို အခြေအနေတွေကြောင့် နှစ်ရှည်သစ်သီးဝလံ စိုက်ပျိုးသူတွေဟာ သီးနှံပေါ်ကာလမှာ စိုက်ပျိုးစရိတ်ပြန်ရအောင် မနည်း ရှာဖွေ နေရသလို အကျိုးအမြတ်မရှိတော့တဲ့အတွက် အရှုံးနဲ့ ရင်ဆိုင်နေရတယ်လို့ နှစ်ရှည်သစ်သီးဝလံစိုက်ပျိုးထုတ်လုပ်သူ တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဒေသထွက် သီးနှံတွေဟာ ဓာတ်မြေသြဇာ အပြည့်အဝ မထည့်နိုင်တာအပြင် ရာသီဥတုကြောင့် အထွက်နှုန်း သိသိသာသာ ကျဆင်းလာသလို ဈေးကွက်အတွင်းမှာလည်း မျှော်မှန်းထား သလောက် ဈေးနှုန်း မရတဲ့ အခြေအနေနဲ့ ကြုံတွေ့နေရတာပါ။

မွန်ပြည်နယ်မှာတော့ နှစ်ရှည်သီးနှံတွေအဖြစ် ကျွဲကော၊ ဒူရင်း၊ ကြက်မောက်နဲ့ မင်းဂွတ်သီးတွေကို အဓိက စိုက်ပျိုးကြတာ ဖြစ်ပြီး ထွက်ရှိလာတဲ့ သစ်သီးဝလံတွေကိုတော့ တိုင်းနဲ့ပြည်နယ်တချို့ကို တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.