မန္တလေး – မေ(၆)

မန္တလေးမှာ ဖမ်းဆီးခံရတဲ့ သံဃာတော်တွေကို စစ်ကြောရေးမှာ ရိုက်နှက်ရုံတင်မကပဲ အဓမ္မပြုကျင့် ဖို့အထိ အာဏာ သိမ်းစစ်တပ်က လုပ်ဆောင်နေတယ်လို့ မန္တလေး သံဃာသမဂ္ဂက ဦးဇင်းတစ်ပါးက သံလွင်တိုင်းမ် ကို မိန့်ကြားပါတယ်။ 

မန္တလေးမြို့မှာ သံဃာတော် (၁၇) ပါးဖမ်းဆီးခံထားရပြီး အဲ့ဒီထဲက (၅) ပါးပြန်လွတ်ထားပေမယ့် သံဃာ(၁၂) ပါးက အကျဉ်းချခံနေရတဲ့အခြေအနေမှာရှိတယ်လို့ သိရပါတယ်။ 

“အထဲမှာ လူမဆန်စွာ လူ့အခွင့်အရေးတွေဆုံးရှုံးခံရတယ်ပေါ့နော် သူတို့တွေစစ်ကြောရေးစခန်းတွေမှာ ဖြတ်သန်းခဲ့ရချိန်က ဘုန်းကြီးကိုဘုန်းကြီးမှန်းမသိရိုက်တယ်နှပ်တယ်။ နောက်ဆုံးကုန်ကုန်ပြောမယ်ကွာ မဒိန်းကျင့်ထိတောင်သူတို့ကြံတယ် သံဃာတော်တွေက ရှိခိုးတောင်းပန်ရတယ်မလုပ်ဖို့ကို အဲ့လောက်ထိ လူ့အခွင့်အရေးတွေဆိုးဆိုးရွားရွားချိုးဖောက်ခံရတယ်” လို့ဦးယောကြီး (သံဃာ အမည်လွှဲ) က သံလွင်တိုင်းမ်ကို မိန့်ကြားပါတယ်။ 

ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီဟာ သူတို့ကို မထောက်ခံတဲ့သူဘယ်သူမဆို သံဃာဖြစ်ဖြစ် လူဖြစ်ဖြစ် ရန်သူလို့သတ်မှတ်ထားတဲ့အခြေအနေဖြစ်နေပြီး သတ်ဖြတ်ဖို့ ကြိုးစားနေတာဖြစ်တယ်လို့ သူက မိန့်ကြား ပါသေးတယ်။ 

မန္တလေးမြို့ပေါ်မှာ သံဲဃာသမဂ္ဂအဖွဲ့ဝင် ဆရာတော်တစ်ပါးလာရောက်တည်းခိုဖူးတဲ့ မဟာဝိသီတာရာမ တိုက် တေသာလင်္ကာရကျောင်း ကို စစ်ကောင်စီက ချိတ်ပိတ်ထားတယ်လို့ သိရပါတယ်။ 

“ အစွန်းရောက်မဘသတွေကို ပြည်သူတွေ မထောက်ခံပဲ သပိတ်မှောက်ပေးကြဖို့ ဦးဇင်းတောင်းဆိုချင်ပါ တယ်” လို့ အမည်မဖော်လိုတဲ့ သံဃာတော်တစ်ပါးက မိန့်ပါတယ်။ 

စစ်ကောင်စီကို ထောက်ခံနေကြတဲ့ သံဃာတော်တွေဟာ ကျေးဇူးရှင်ပြည်သူတွေကို သတ်ဖြတ်နေတာ နဲ့တူတူပဲဖြစ်ပြီး သံဃာတော်တွေဟာ ပြည်သူဘက်ကိုပဲမျက်နှာမူပြီး ပြည်သူတွေသတ်ခံနှိပ်စက်ခံနေရ တာ တွေအတွက် အရှေ့မှာ မားမားမတ်မတ် ရပ်တည်ပေးကြဖို့ လိုအပ်တယ်လို့လည်း မိန့်ကြားခဲ့ပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.