မော်လမြိုင် ၊ မေ (၄)
စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်း မြန်မာ့သတင်းမီဒီယာ လွတ်လပ်ခွင့် ဆယ်စုနှစ် တစ်ခုနီးပါး နောက်ပြန်ဆုတ်သွားခဲ့ရသလို သတင်းမီဒီယာသမားတွေ နှစ်ပေါင်း ၃၀ အတွင်း စံချိန်တင် ဖိနှိပ်ခံနေရတယ်လို့ ISP Myanmar က ထုတ်ပြန်လိုက်ပါတယ်။
မေလ ၃ ရက်နေ့ဟာ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ ဖြစ်ပေမယ့် မြန်မာနိုင်ငံတော့ သတင်းမီဒီယာသမား တွေဟာ အာဏာသိမ်း စစ်ကောင်စီရဲ့ ဖိနှိပ်မှုကို ဆိုးဆိုးဝါးဝါး ခံစားနေရတာပါ။
နယ်စည်းမခြား သတင်းထောက်များအဖွဲ့ရဲ့ အဆိုအရ မြန်မာ့သတင်း လွတ်လပ်ခွင့်ညွှန်းကိန်းဟာ ၂၀၂၁ ခုနှစ်မှာ အဆင့် တစ်ဆင့် ကျဆင်းခဲ့တယ်လို့ ဆိုထားပေမယ့် မြေပြင်မှာတော့ သတင်းရယူခွင့်ကိုပါ ဆုံးရှုံးနေရသလို အသက်အန္တရာယ်တွေ ခြိမ်းခြောက်ခံနေရတဲ့အခြေအနေနဲ့ရင်ဆိုင်နေရတယ်လို့ သတင်းသမားတွေက ပြောပါတယ်။
စစ်ကောင်စီဟာ သတင်းမီဒီယာတိုက်တွေကို အကြမ်းဖက် ဝင်ရောက် စီးနင်းတာ၊ ဆန္ဒထုတ်ဖော်ပွဲတွေမှာ သတင်းယူနေတဲ့ သတင်းထောက်တွေကို ပစ်ခတ်ဖမ်းဆီးတာ၊ သတင်းထောက်တွေရဲ့ နေအိမ်တွေကို ဝင်ရောက်စီးနင်း ဖမ်းဆီးတာတွေနဲ့ တရားစွဲဆိုတာတွေ ပြုလုပ်ခဲ့ပါတယ်။
ISP Myanmar ရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်း တစ်နှစ်ကျော်ကာလအတွင်း သတင်းသမား ၁၄၃ ဦး ဖမ်းဆီးခံခဲ့ရပြီး သတင်း မီဒီယာ လုပ်ငန်း ၁၁ ခု လိုင်စင်ပိတ်သိမ်းခံခဲ့ရတယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် ဖမ်းဆီးခံထားရတဲ့ သတင်းသမားတွေထဲမှာ ၂၇ ဦး ထောင်ဒဏ် ပြစ်ဒဏ် ချမှတ်ခံထားရသလို ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးမှာ သတ်ဖြတ်ခံရတဲ့ သတင်းသမား တစ်ဦး အပါအဝင် သတင်းသမား ၃ ဦး သတ်ဖြတ်ခံထားရပါတယ်။
လက်ရှိမှာတော့ အာဏာသိမ်း စစ်ကောင်စီဟာ သတင်းမီဒီယာသမားတွေကို ပြည်ဖျက်မီဒီယာတွေလို့ စွပ်စွဲပြောဆိုပြီး ဝါဒဖြန့်ချီတာတွေ လုပ်ဆောင်လာသလို စစ်ကောင်စီ လက်အောက်ခံ အဖွဲ့အစည်းတွေက အသက်အန္တရာယ်တွေ ခြိမ်းခြောက်လာတာတွေ ရှိနေပါတယ်။
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ သတင်းအချက်အလက် လွတ်လပ်စွာ စီးဆင်းခွင့်၊ ရယူသုံးစွဲပိုင်ခွင့် တွေဟာ ဒီမိုကရေစီရဲ့ အသက်သွေးကြော ဖြစ်ပေမယ့် စစ်ကောင်စီ လက်ထက်မှာ တော့ ဒီအခြေခံ လူအခွင့်အရေးတွေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတာဖြစ်ပါတယ်။
သတင်းသမားများကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (CPJ) ကတော့ စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ သတင်းမီဒီယာသမားတွေကို “ဖမ်းဆီး ထောင်ချမှုအများဆုံး” နိုင်ငံတနိုင်ငံ ဖြစ်လာတယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်