ရန်ကုန် ၊ မေ (၃)

နိုင်ငံတဝန်းမှာ ဧပြီလအတွင်း စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းတွေ မီးရှို့ဖျက်ဆီးတာကြောင့် လူနေအိမ် ၃၅၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ Data for Myanmar က ထုတ်ပြန်ပါတယ်။

အဲဒီထဲမှာတော့ စစ်ကိုင်းတိုင်းက လူနေအိမ် ၂၅၀၀ ကျော်နဲ့ မကွေးတိုင်းမှာတော့ လူနေအိမ် ၉၅၀ ကျော်နဲ့ အများဆုံး မီးရှို့ဖျက်ဆီးခံလိုက်ရပါတယ်။

Data for Myanmar ရဲ့အဆိုအရ စစ်တပ် အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ အခုနှစ် ဧပြီ ၃၀ ရက်နေ့အထိ နိုင်ငံတဝန်းမှာ လူနေအိမ်ပေါင်း ၁၁၀၀၀ ကျော် မီးရှို့ဖျက်ဆီး ခံလိုက်ရတာ ဖြစ်ပါတယ်။

လူနေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတာကြောင့် ဒေသခံပြည်သူတွေဟာ နေထိုင်ရေးအတွက် အခက်အခဲ ရှိလာသလို စီးပွားရေး ပြန်လည်လုပ်ဆောင်နိုင်ဖို့ ဒုက္ခကြုံနေရတယ်လို့ စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။



“ ရွာလုံးကျွတ်မီးရှို့ခံရတော့ ပြည်သူတွေ နေထိုင်စားသောက်ဖို့ အင်မတန် ဒုက္ခရောက်တာပေါ့။ တစ်ရွာတည်း မဟုတ်ဘဲ ရွာတိုင်းလိုလိုဆိုတော့ စီးပွားရေး ပြန်လည်လုပ်ဆောင်ဖို့ ဆိုတာလည်း အခက်အခဲ ဖြစ်တယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိရာသီဥတုအခြေအနေအရ ပြည်သူတွေမှာ နေရာထိုင်ခင်းအတွက် ဒုက္ခကြုံနေရပြီး ရွာတိုင်းလိုလို ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခံနေရတာကြောင့် ပြည်သူတွေကနေ ပြည်သူကို ကူညီထောက်ပံ့ပေးဖို့လည်း အခက်အခဲတွေ ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Data for Myanmar ရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်း ကာလအတွင်း စစ်ကိုင်းတိုင်းက လူနေအိမ် ၇၅၀၀ ကျော်၊ မကွေးတိုင်းက လူနေအိမ် ၂၁၀၀ ကျော်၊ ချင်းပြည်နယ်က လူနေအိမ် ၁၁၀၀ ကျော်နဲ့ အများဆုံး မီးရှို့ဖျက်ဆီးခံထားရပါတယ်။

အာဏာသိမ်း စစ်ကောင်စီဘက်ကတော့ ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ခံရတာဟာ သူတို့လက်အောက်ခံတပ်ဖွဲ့တွေ လုပ်ဆောင်တာမဟုတ်ဘဲ PDF တွေ လုပ်တာလို့ ငြင်းဆိုထားပါတယ်။

စစ်ကိုင်းတိုင်းရှိ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးကတော့ စစ်ကောင်စီကို အသက်နဲ့ ရင်းပြီး တော်လှန်နေတာ ဖြစ်လို့ ပြည်သူတွေကို ဒုက္ခပေးဖို့ အစီအစဉ် မရှိသလို လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာဟာ စစ်ကောင်စီကသာ လုပ်ဆောင်တာ ဖြစ်ကြောင်းနဲ့ သက်သေ အထောက်အထားတွေလည်း အများကြီး ရှိတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် ၃၃ ခုတို့မှာ ပြီးခဲ့တဲ့ မတ်လကစပြီး ဆက်သွယ်ရေးမိုဘိုင်း အင်တာနက် လိုင်းအားလုံး ဖြတ်တောက်ခံရပြီး သတင်းအချက်အလက် အမှောင်ချခံနေရတာကြောင့် စစ်ကောင်စီ တပ်ဖွဲ့တွေရဲ့ ဖိနှိပ်မှုဒဏ်ကို ပိုပြီး ခံနေရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.