ရန်ကုန် ၊ မေ (၃)

အာဏာသိမ်း စစ်ကောင်စီဟာ တပ်ဘက်က စစ်ဆရာဝန်တွေနဲ့ သူနာပြု ၁၀၀ ကျော်ကို အရပ်ဘက်ဆေးရုံတွေကို ပြောင်းရွှေ့ဖို့အတွက် ပြီးခဲ့တဲ့ ဧပြီနောက်ဆုံးအပတ်မှာ အမည်စာရင်း တောင်းခံလာတယ်လို့ တပ်မတော်ဆေးတက္ကသိုလ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

စစ်ကောင်စီဟာ ကျန်းမာရေးဝန်ထမ်းတွေ လစ်လပ်နေတဲ့ ဆေးရုံတွေမှာ စစ်ဆရာဝန်နဲ့ သူနာပြုတွေ တွဲဖက်ပြောင်းရွှေ့ခန့်အပ်ဖို့ အမည်စာရင်း တောင်းခံလာတာ ဖြစ်ပါတယ်။

အဲဒီစစ်ဆရာဝန်တွေကို မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ မန္တလေးတိုင်းနဲ့ နေပြည်တော်ရှိ ဆေးရုံတွေမှာ ဆေးရုံအုပ်၊ ဒုဆေးရုံအုပ် ရာထူးတွေနဲ့ တွဲဖက်တာဝန်ထမ်းဆောင် ခိုင်းဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။



အရပ်ဘက်ဆေးရုံတွေမှာ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ဖို့ စစ်ကောင်စီက ရွေးချယ်ထားတဲ့ စစ်ဆရာဝန် အများစုဟာ စစ်ကောင်စီ လူကြီးပိုင်းနဲ့ နီးစပ်သူတွေသာ ဖြစ်နေတယ်လို့ တပ်မတော်ဆေးတက္ကသိုလ်နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ ကျန်းမာရေးဝန်ထမ်းတွေ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တာကြောင့် စစ်ဘက်ဆိုင်ရာ ဆရာဝန်တွေကို အရပ်ဘက်ဆေးရုံတွေမှာ တွဲဖက်တာဝန်ထမ်းဆောင် ခိုင်းတာတွေ ဆက်တိုက် လုပ်ဆောင်နေပါတယ်။

ဒါပေမယ့် စစ်ကောင်စီဟာ အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော်ကာလအတွင်း ကျန်းမာရေးယန္တရားကို ပုံမှန်အတိုင်း တည်ဆောက်နိုင်ခြင်း မရှိသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.