နယူးဒေလီ – ဧပြီ(၂၉)
အသက်သေစေနိုင်လောက်တဲ့အထိ ခြိမ်းခြောက်မှုတွေရှိနေတဲ့ အပူလှိုင်းတွေဟာ အိန္ဒိယနိုင်ငံကို တစ်လကြိုစောရောက်ရှိလာပြီး အမြင့်ဆုံးအပူချိန် (၁၀၀) ဒီဂရီဟာရင်ဟိုက်အထိ ရောက်ရှိကာ စံချိန်တင်အပူချိန်အဖြစ်ရောက်ရှိနေတယ်လို့ သိရပါတယ်။
အိန္ဒိယနိုင်ငံရဲ့ မြောက်ပိုင်းနဲ့အနောက်မြောက်ပိုင်းတိုမှာသာမက ပါကစ္စတန်တစ်လျောက်သာမန် အပူချိန်ထက်ပိုပြီး ၁၀-၁၅ ဒီဂရီဖာရင်ဟိုက်နဲ့အတူ ဒီသီတင်းပတ်အတွင်း အဆိုးရွားဆုံးအပူချိန် လှိုင်းထွက်ပေါ်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
ပြင်းထန်ရာသီဥတုဆိုင်ရာပညာရှင် Scott Duncan က နိုင်ငံလူဦးရေရဲ့(၁၀)ရာခိုင်နှုန်းဖြစ်တဲ့ လူဦးရေ(၁)ဘီလီယံဟာ အပူချိန်လွန်ကဲမှုဒဏ်ကို ခံရနိုင်တယ်လို့ ပြောထားပါတယ်။
ကုလသမဂ္ဂရာသီဥတုပြောင်းလဲခြင်းဆိုင်ရာအာဏာပိုင်နဲ့ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ intergovernmental ပုဂ္ဂိုလ်တွေရဲ့ပြောဆိုချက်တွေအရ အိန္ဒိယနိုင်ငံဟာ ရာသီဥတုကပ်ဘေးရဲ့ အကျိုးဆက်တွေကို အဆိုးရွားဆုံးခံရနိုင်ငံတွေမှာ ပါဝင်တယ်လို့ သိရပါတယ်။
IPCCရဲ့ နောက်ဆုံးအကြိမ်ထုတ်ပြန်ထားတဲ့ ၂၀၂၁ ခုနှစ် ဩဂုတ်လ သိပ္ပံအစီရင်ခံစာမှာ အပူပြင်းထန်မှုဒဏ်ကို တောင်အာရှမှာ ပိုမိုခံရနိုင်ပြီး လူသားတွေပြုလုပ်တဲ့ ရာသီဥတုအပြောင်း အလဲကိုဖြစ်ပေါ်စေနိုင်တဲ့ အဆိုးရွားဆုံးအပူချိန်တွေအထိမြင့်တက်လာနိုင်တယ်လို့ ပါရှိပါတယ်။
“ပိုမိုပြင်းထန်ပြီးအချိန်ကြာမြင့်စွာဖြစ်ပေါ်သောအပူလှိုင်းများသည်မြင့်မားသောကြိမ်နှုန်း အတိုင်း အိန္ဒိယနိုင်ငံတဝှမ်းဖြစ်ပေါ်နိုင်သည်”လို့ IPCC ရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။
နိုင်ငံရဲ့ကြီးမားကျယ်ပြန့်တဲ့ နယ်မြေအစိတ်အပိုင်းတွေမှာ လူတွေမနေနိုင်လောက်တဲ့အထိ ပူပြင်းတာတွေဖြစ်ပေါ်လာနိုင်တဲ့အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေး တစ်ရပ် အိန္ဒိယနိုင်ငံမှာ ဖြစ်ပေါ်လာနိုင်တဲ့အခြေအနေရှိတယ်လို့ ကျွမ်းကျင်သူတွေက ပြောထားပါတယ်။
အိန္ဒိယနိုင်ငံ မိုးဇလဦးစီးဌာနရဲ့ ပြောဆိုးချက်အရ မတ်လ ၂၀၂၂ ခုနှစ်အတွင်း အိန္ဒိယ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ပျမ်းမျှအပူချိန်သည် လွန်ခဲ့တဲ့ ၁၂၂ နှစ်အတွင်း အမြင့်ဆုံးဖြစ်တယ်လို့ သိရပါတယ်။
Ref:CNN