နေပြည်တော် ၊ ဧပြီ (၂၉)
လာမယ့် အထွေထွေရွေးကောက်ပွဲမှာ မြန်မာနိုင်ငံနဲ့သင့်လျော်တဲ့ အချိုးကျကိုယ်စားပြုစနစ် PR ဖြစ်တဲ့ (စာရင်းပိတ်) Close List PR စနစ် ကျင့်သုံးဖို့ ဆွေးနွေးဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ပြောဆိုခဲ့ပါတယ်။
ဧပြီလ ၂၇ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ ၁၃ ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲမှာ စစ်ကောင်စီခန့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပြောခွင့်ရ ဦးခင်မောင်ဦးက ပြောဆိုခဲ့တာပါ။
အချိုးကျကိုယ်စားပြုစနစ် PR နဲ့ပတ်သက်ပြီး သက်ဆိုင်ရာအစုအဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေနဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ၊မေ၊နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတို့မှာ လေးကြိမ်တိုင် တွေ့ဆုံဆွေးနွေးခဲ့ပြီး Close List PR စနစ် ကျင့်သုံးဖို့ ဆုံးဖြတ်ထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
ဝါရင့်နိုင်ငံရေးသမား တစ်ဦးဖြစ်တဲ့ ဦးဖေသန်းကတော့ PR စနစ်နဲ့ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် စစ်တပ်အနေနဲ့ ၂၅ ရာခိုင်နှုန်း အသားစီရထားတာကြောင့် စစ်တပ်ကပဲ ကြီးစိုးသွားမှာ ဖြစ်သလို ကောင်းကျိုးထက် ဆိုးကျိုးပိုများတယ်လို့ မှတ်ချက်ပြုပါတယ်။
“PR စနစ်နဲ့ သွားလို့ရှိရင် ပါတီအသေးလေးတွေလည်း ပါစေချင်တယ်။ပါတီတိုင်းရဲ့အသံကို ကြားချင်တာကြောင့်ဆိုရင်တော့ သူတို့ဘက်က (စကစ) ၁၀၀ ရာခိုင်နှုန်းအပြည့် ပြိုင်ခွင့်ရအောင် တပ်မတော်က ၂၅ ရာခိုင်နှုန်းကို စွန့်လွှတ်ပေးဖို့လိုတယ်။အဲဒီလိုမဟုတ်ဘဲနဲ့ ၂၅ ရာခိုင်နှုန်းလည်း ယူထားတယ်။တစ်ခြား မဟာမိတ်ပါတီတွေနဲ့လည်း ဘဲဥမကွဲတဲ့ပါတီတွေ ဘဲဥကွဲသွားပြီးတော့ တပ်မတော်နဲ့ပေါင်းပြီး ယူသွားမယ်ဆိုရင်တော့ စစ်အစိုးရတစ်ပိုင်းဖြစ်ပြီ။အဲဒါကြောင့် ဒီ PR စနစ်ဟာ အတော့်ကို ဆိုးကျိုးများပါတယ်” လို့ ဦးဖေသန်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။
Close List PR စနစ်ဟာ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပါတီတွေအနေနဲ့ မဲဆန္ဒနယ်မြေ တစ်ခုချင်းစီအတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို တင်သွင်းစရာမလိုဘဲ
ကိုယ်စားလှယ်အဖြစ် အရွေးခံမယ့်သူတွေကိုသာ အမည်စာရင်း ပြုစုထားရမှာ ဖြစ်ပြီး မဲဆန္ဒရှင်တွေကတော့ ပါတီကိုသာ မဲပေးရမယ့် စနစ် ဖြစ်ပါတယ်။
ဒါကြောင့် Close List PR စနစ်ဟာ ပါတီအတွင်း ပြဿာနာတွေ ဖြစ်ပေါ်နိုင်တယ်လို့ ရခိုင်အမျိုးသားပါတီ ပါတီနိုင်ငံရေးမူဝါဒ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဒီလိုဖြစ်မယ်ဆိုရင် ပြည်သူလူထုကို ပညာပေးမှု အလုံအလောက်လိုအပ်တယ်။ နောက်တစ်ခုက ပါတီကိုပဲ ပေးရမယ်ဆိုလို့ ရှိရင် ရှိတဲ့ပါတီတွေနဲ့ သတ်မှတ်ထားတဲ့ မဲအရေအတွက်နဲ့ ကတော့ အချိုးကျတော့ ဖြစ်လာမယ်။ဒါပေမယ့် ကိုယ်စားလှယ်တွေအပိုင်းမှာ နိုင်ငံရေးပါတီအချင်းချင်း ကိုယ့်ပါတီမှာ ကိုယ်စားလှယ်တွေကို ကိုယ့်ပါတီက ရွေးကြရတော့မယ်ဆိုတော့ ပါတီတွင်းပြဿာနာတွေလည်း ဖြစ်လာနိုင်တယ်”လို့ သူက ဆိုပါတယ်။
စစ်ကောင်စီကတော့ လာမယ့် ၂၀၂၃ ခုနှစ်အတွင်း ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို နိုင်ငံတဝန်းမှာ နေရာလပ် မကျန် ကျင်းပသွားဖို့ ကြိုးစားဆောင်ရွက်နေကြောင်းနဲ့ ရွေးကောက်ပွဲ အတွက် မဲစာရင်းပြုစုတာတွေကို စတင်ဆောင်ရွက်နေပြီးလို့ ဆိုထားပါတယ်။
နိုင်ငံရေး လေ့လာသုံးသပ်သူတွေကတော့ နိုင်ငံတဝန်းမှာ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပေါ်နေတာကြောင့် ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ အလားအလာ နည်းပါးနေသလို မဲလာပေးမယ့်သူလည်း မရှိသလောက် နည်းပါးနိုင်တယ်လို့ သုံးသပ်ကြပါတယ်။
သတင်း – သံလွင်တိုင်းမ်