တနင်္သာရီ ၊ ဧပြီ (၂၃)
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်မှာ ဧပြီလ (၂၃) ရက်နေ့ မနက်ပိုင်းက စစ်ကား (၁၂) စီးပါ စစ်ကောင်စီယာဉ်တန်းကို ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော် (P,PDF)နဲ့ မဟာမိတ်တပ်ပေါင်းစုတွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
မြိတ်ဘက်က ဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကို သရက်ချောင်းမြို့နယ် ကဒဲရွာနဲ့ ပဝတ်ကုန်းရွာအကြားမှာ ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပေမယ့် လွတ်မြောက်သွား တာကြောင့် ခမောင်းတောရွာအနီးမှာ ထပ်မံမိုင်းဆွဲ တိုက်ခိုက်ခဲ့တာပါ။
မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀) ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ပြီး စစ်ကောင်စီ ကားနှစ်စီး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အဲဒီမိုင်းဆွဲတိုက်ခိုက်ပြီးနောက် နှစ်ဖက် တစ်နာရီအကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး၊ စစ်ကောင်စီဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ (၁၇) ရက်နေ့ကလည်း သရက်ချောင်းနဲ့ ပုလောမြို့နယ်မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ယာဉ်တန်းကို ဒေသခံပြည်သူ့ ကာကွယ် ရေးပူးပေါင်းတပ် တွေ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၇) ဦး သေဆုံးထားပါ သေး တယ်။
ပုလောမြို့နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား မကြာခဏဆိုသလို ထိတွေ့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က အထိနာနေပါတယ်။
သတင်း – သံလွင်တိုင်းမ်