မော်လမြိုင်- ဧပြီ(၁၀)

ရခိုင့်တပ်တော်(AA) ရဲ့ ပလက်ဝမြို့မှာ အုပ်ချုပ်ရေးယန္တယား တည်ဆောက်နေတာနဲ့ပတ် သက်ပြီး ဒေသခံတွေဟာ ကြောက်ရွံ့စိတ်တွေနဲ့ ဆောင်ရွက်ပေးနေရတဲ့အခြေအနေမှာ ရှိနေတယ်လို့ သံလွင်တိုင်းမ်ကိုပြောပါတယ်။

ပလက်ဝမြို့အနောက်ပိုင်း ပီချောင်းနဲ့ ပလက်ဝမြို့မြောက်ပိုင်းတွေမှာ ရခိုင့်တပ်တော်(AA) ရဲ့ လိုအပ်ချက်တွေဆောင်ရွက်ပေးဖို့ ကျေးရွာတစ်ရွာက လူ(၄) ယောက်နှုန်း ကိုတာဝန် ပေးထားတယ်လို့ သိရပါတယ်။

“ ကျွန်တော်တို့ရွာမှာတော့ အစည်းအဝေးလုပ်ပြီး တာဝန်ပေးခံရတာပါ။ မလုပ်ချင်ပေမယ့် လည်း ငြင်းမရတော့ လုပ်ရတာပေါ့ အခုလို တာဝန်မပေးခင်တုန်းကလည်း ၂၀၁၉ မတ်လထဲကအခုထိတစ်ရွာကိုဆန် (၁) အိတ်ငွေ(၁) သိန်း နှုန်းတောင်းလို့ ပေးရတယ်” လို့ ပလက်ဝဒေသခံတစ် ယောက်က သံလွင်တိုင်းမ်ကိုပြောပါတယ်။



ဒါ့အပြင်သူတို့ခိုင်းတာမလုပ်ပေးရင်လည်း ဒေသခံရွာသားတွေကို ပြစ်ဒဏ်ပေးတာတွေ ပြုလုပ်ပြီး ဝါးလုံး(၃၀၀၀)လောက် ခုတ်ခိုင်းတဲ့အခြေအနေမှာရှိနေတယ်လို့ သူကပြော ပါသေးတယ်။

ချင်းပြည်နယ်ပလက်ဝမြို့မှာ ကျေးရွာပေါင်း(၄၀၀)လောက်ရှိနေပြီး မြို့အထက်ပိုင်း အနောက်ကွမ်းဘုတ်၊ကျောက်ပျဉ်ထောင့်၊ပိန်နဲတပင်၊ တဲမချောင်း ကြွေသောင်၊ ကျီးလေ မောင်နှမ၊ ကြောင်ချောင်း၊ ချင်းဒေါက်စတဲ့ ရွာတွေမှာ AA ကနယ်မြေစိုးမိုးထားပြီး မြို့ရဲ့ ကျေးရွာ(၁၀၀) လောက်ကို အုပ်ချုပ်ရေးယန္တယား တည်ဆောက်ထားတယ်လို့ သိရပါတယ်။

ချင်းပြည်နယ်ပလက်ဝမြို့မှာ ရခိုင့်တပ်တော်(AA) အဖွဲ့က ၂၀၁၅ ခုနှစ် ကစပြီး နယ်မြေစိုးမိုးထားတာဖြစ်ပါတယ်။

အခုလို ရွာသားတွေဆီက ငွေကြေးနဲ့ ဆန်ကောက်ခံနေတာနဲ့ပတ်သက်ပြီး AA ပြောခွင့်ရ ခိုင်သုခကို သံလွင်တိုင်းမ်က အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့တော့ မရခဲ့ပါဘူး။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.