မော်လမြိုင် ၊ ဧပြီ (၅)

တနင်္သာရီတိုင်းမှာတော့ စစ်ကောင်စီနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် သရက်ချောင်း၊ ထားဝယ်၊ ရေဖြူ ၊ ပုလောနဲ့တနင်္သာရီမြို့နယ်က စစ်ရှောင်ပြည်သူတွေဟာ တောတောင်တွေထဲမှာ တဲထိုးနေထိုင်ရသလို အမိုးအကာ မလုံလောက်မှု ပြဿနာနဲ့ပါ ရင်ဆိုင်နေရပါတယ်။

ဒါ့အပြင် အခုရက်ပိုင်းအတွင်း တနင်္သာရီတိုင်းမှာ အချိန်အခါ မဟုတ် မိုးရွာသွန်းတာနဲ့ လေပြင်း တိုက်ခတ်မှုတွေကြောင့် စစ်ရှောင်ပြည်သူတွေဟာ နှာစေးချောင်ဆိုးနဲ့ ရာသီတုပ်ကွေးရောဂါတွေကို ခံစားနေကြ ရပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး စစ်ရှောင်အရေးကူညီနေတဲ့ ဒေါန တနင်္သာရီ-စစ်ဘေးရှောင်များ အထောက်အကူပြုရေး အဖွဲ့တာဝန်ရှိသူ တစ်ဦးက အခုလိုပဲ ပြောပါတယ်။



“ တောတောင်တွေထဲမှာပဲ ဖြစ်သလို နေနေရတယ် ။ ဒီဘက်မှာက စစ်ရှောင်စခန်းရယ်လို့ သီးသန့်မရှိဘူး။ ဘေးလွတ်မယ်ထင်တဲ့ နေရာမှာ နေနေရတာ။ မိုးတွေရွာတယ် ၊ လေပြင်းတိုက်တာတွေ ရှိတယ်။ အချို့နေရာမှာဆို တနေကုန် အေးနေတယ်” လို့ ဆိုပါတယ်။

တနင်္သာရီတိုင်း သရက်ချောင်းနဲ့ တနင်္သာရီမြို့နယ်တို့မှာ မတ်လကုန်နဲ့ ဧပြီလဆန်းအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် သရက်ချောင်းမှာ စစ်ရှောင်ပြည်သူ ၈၀၀၀ နီးပါး ထပ်တိုးခဲ့ပါတယ်။

သရက်ချောင်း တောင်ပျောက်တိုက်နယ်နဲ့တနင်္သာရီ သိန္ဓောရွာ တိုက်ပွဲတွေကြောင့် ဒေသခံတွေရဲ့ နေအိမ် အလုံး ၂၀ ကျော် မီးရှို့ဖျက်စီးခံခဲ့ရသလို အရပ်သား ၃ ဦးထက်မနည်း စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.