မော်လမြိုင် ၊ ဧပြီ (၅)

ကော့ကရိတ်- မြဝတီ အာရှလမ်းမကြီးမှာ ဧပြီလ ၄ ရက်နေ့ မနက်ပိုင်းက ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ကြား နှစ်ဖက် တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ ခရီးသွားတွေက ပြောပါတယ်။

အဲဒီနှစ်ဖက်တိုက်ပွဲကြောင့် အာရှလမ်းမကြီး တောနော်ရေတံခွန်အနီး ဆိပ်ဖူးတောင်ခြေဘက်မှာ ခရီးသည်တင် မှန်လုံယာဉ် တစ်စီး အပါအဝင် ကား ၄ စီး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း ကုန်တင်ကား အပါအဝင် ကားအစီးရေ ရာနဲ့ချီ ပိတ်မိနေသလို တချို့ ယာဉ်ငယ်တွေကတော့ နောက်ကြောင်းပြန်လှည့်လာကြတယ်လို့ ကုန်တင်ကားမောင်းသူတွေက ပြောပါတယ်။



ဧပြီလ ၄ ရက်နေ့ မနက်ပိုင်းထုတ် စစ်ကောင်စီ သတင်းစာက ကော့ကရိတ်- မြဝတီ အာရှလမ်းမကြီးမှာ ခရီးသည်ယာဉ်၊ ကုန်တင်ယာဉ်နဲ့ ယာဉ်ငယ်တွေ ပုံမှန်သွားလာလျက်ရှိနေပြီး ကုန်စည်စီးဆင်းမှုတွေ ပုံမှန်ဆောင်ရွက်လျက်ရှိတယ်လို့ ရေးသားထားတာကြောင့် လာရောက်ကြတာလို့ ကုန်တင်ကားမောင်း သူတွေကတော့ ဆိုကြပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ကတော့ စစ်ကောင်စီဘက်က အင်အား အလုံးအရင်းနဲ့ ဝင်ရောက်လာတာကြောင့် ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးနဲ့ မြဝတီ-ဝေါလေလမ်းပိုင်း လမ်းအသုံးပြုမှုကို မတ်လ ၂၇ ရက်နေ့ကစပြီး ရပ်ဆိုင်းထားဖို့ ထုတ်ပြန်ထားပါတယ်။

မြဝတီ- ကော့ကရိတ် အာရှလမ်းမကြီးမှာ ဧပြီ ၁ ရက်နေ့မတိုင်မီ ရက်ပိုင်းအတွင်းက တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး သွားလာနေတဲ့ ယာဉ်အချို့ မီးရှို့ခံရတဲ့အပြင် ယာဉ်တွေကိုပါ ပစ်ခတ်တာကြောင့် အရပ်သားပြည်သူ ၂ ဦး သေဆုံးခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.