မော်လမြိုင် ၊ မတ် (၂၃)

အမေရိကန်အစိုးရက အာဏာသိမ်း စစ်ကောင်စီတပ်ကို ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျုးလွန်ကြောင်း ကြေညာတာဟာ နိုင်ငံတကာမှာ တရားစွဲဆိုဖို့ သတ်မှတ်လိုက်တာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောဆိုလိုက်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာလူမျိုးတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု (Genocide) ကျုးလွန်ခဲ့တယ်လို့ အမေရိကန်အစိုးရက မတ် ၂၁ ရက်နေ့မှာ တရားဝင်ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေဟာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က တရားဝင် ထုတ်ဖော်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

အမေရိကန်အစိုးရက မြန်မာစစ်တပ်ကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide) ကျုးလွန်ခဲ့တယ်လို့ ကြေညာတာဟာ နိုင်ငံတကာမှာ တရားစွဲဆိုခွင့်ရဖို့ သတ်မှတ်လိုက်တာ ဖြစ်နိုင်တယ်လို့ နိုင်ငံရေးသမားတစ်ဦးက အခုလို မှတ်ချက်ပြုပါတယ်။

“အခုဟာတော့ ပိုပြီးခိုင်မာအောင် နိုင်ငံတကာက ကြိုးစားနေတယ်။ တရားရုံးဆိုတာက သိတဲ့အတိုင်း သက်သေအထောက်အထားခိုင်လုံလို့ရှိရင်တော့ တရားစွဲဆိုခွင့်ရတာပေါ့။ အမေရိကန်လို နိုင်ငံမျိုးကနေပြီး ဒီဟာကို Genocide ဆိုပြီး (လူမျိုးတုံးသတ်ဖြတ်မှု) သတ်မှတ်တာဟာ သေချာတာက သူတို့မှာရှိတဲ့ သက်သေအထောက်အထားတွေ ခိုင်လုံနေတဲ့အတွက်ကြောင့်မို့ ဒါကို သူတို့ကနေ ဆုံးဖြတ်တာ ဖြစ်နိုင်တယ်”လို့ သူက ပြောပါတယ်။



အမေရိကန်အစိုးရကတော့ စစ်အေးကာလ ဂျူးလူမျိုးတွေ အစုအပြုံလိုက်သတ်ဖြတ်ခံခဲ့ရတဲ့ နောက်ပိုင်းမှာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်မှုအဖြစ် ၇ ကြိမ် သတ်မှတ်ခဲ့တာ ဖြစ်ပြီး အခုဆိုရင် ၈ ကြိမ်မြောက် သတ်မှတ်တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒီလိုသတ်မှတ်တာဟာ ရိုဟင်ဂျာတွေအပေါ် ကျုးလွန်မှုတွေအတွက် အဓိကသတ်မှတ်တာဖြစ်ပေမယ့် အခြားသော လူနည်းစုတိုင်းရင်းသားတွေနဲ့ ဘာသာခြားတွေအပေါ်မှာ ဆယ်စုနှစ်များစွာ မြန်မာစစ်တပ်က ကျုးလွန်ခဲ့တဲ့ သတ်ဖြတ်မှုတွေ၊ အဓမ္မပြုကျင့်မှုနဲ့ အခြား ကြမ်းကြုတ်ရက်စက်မှုတွေကို အသိအမှတ်ပြုဖို့လည်း အရေးကြီးတယ်လို့ ပြောပါတယ်။

နိုင်ငံရေးလေ့လာသူတစ်ဦးကတော့ အခုလို ကြေညာခံရတဲ့ မြန်မာစစ်တပ်ဟာ လွတ်လွတ်လပ်လပ် သွားလာဖို့ ခက်ခဲသွားပြီး အရေးယူဖမ်းဆီးမှုတွေ မခံရဖို့ အာဏာမြဲအောင် ဆက်လက် လုပ်ဆောင်သွားနိုင်တယ်လို့ သုံးသပ်ပါတယ်။

“သူတို့က (စကစ) အခု ကျွန်တော်သိရသလောက်ကတော့ အဲဒီ Genocide (လူမျိုးတုံးသတ်ဖြတ်မှု) ကျုးလွန်ခဲ့တယ်။ဒါမှမဟုတ် စစ်ရာဇဝင်မှု ကျုးလွန်ခဲ့တယ်ဆိုတဲ့ လူတွေက အာဏာလက်မဲ့ ဖြစ်မသွားရင် ဒါမှမဟုတ် သူတို့ ကျုးလွန်ခဲ့တဲ့နိုင်ငံမှာ သူတို့က ရှုံးနိမ့်သူ ဖြစ်မသွားရင် ဘာမှမဖြစ်ဘူး။အဲဒီနိုင်ငံမှာ အချင်းချင်းပြန်ညှိတဲ့အခါကျတော့ သူတို့ အခု စွပ်စွဲခံရတဲ့လူတွေက ရှုံးသွားတယ်။ အဖမ်းခံတယ်။ နောက်တက်လာတဲ့ အစိုးရက အမေရိကန်တို့ အနောက်အုပ်စုတို့နဲ့လည်း ရင်းနှီးတယ်ဆိုရင် သူတို့ကို ဖမ်းပြီးတော့ တရားရုံးတင်တာတို့ ဖြစ်တာပေါ့။ဒီလိုလုပ်လိုက်တဲ့ အခါကျတော့ အခုလက်ရှိ အာဏာကိုင်ထားတဲ့ စစ်ဗိုလ်ချုပ်တွေကို အာဏာမလွှတ်ချင်အောင်များ တွန်းပို့သလိုများ ဖြစ်မလား မပြောတတ်ဘူး”လို့ သူက ပြောပါတယ်။

မြန်မာစစ်တပ်က ၂၀၁၇ ခုနှစ်မှာ ရခိုင်ပြည်နယ်အတွင်း နယ်မြေရှင်းလင်းမှုဖြစ်စဉ်မှာ ရိုဟင်ဂျာတွေအပေါ် အစုံအလိုက် အပြုံအလိုက် သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့သလို သောင်းနဲ့ချီတဲ့ ရိုဟင်ဂျာလူမျိုးတွေကလည်း အိုးအိမ်စွန့်ခွာပြီး အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်မှာ ထွက်ပြေးခိုလှုံနေထိုင်ခဲ့ရတာပါ။

အဲဒီအတွက် ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်မှာ ဂမ်ဘီယာနိုင်ငံက ရိုဟင်ဂျာတွေကိုယ်စား နယ်သာလန်နိုင်ငံရှိ ဒီဟိတ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်နဲ့ မြန်မာနိုင်ငံကို တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ အမေရိကန်အစိုးရက မြန်မာစစ်တပ်အပေါ် လူမျိုးတုံးသတ်ဖြတ်မှု (Genocide) ကျုးလွန်ကြောင်း သတ်မှတ်မှုအပေါ် လက်ခံကြိုဆိုတယ်လို့ မတ်လ ၂၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.